top of page

ခရစ်ယာန်တစ်ယောက်ဖြစ်လာခြင်းကြောင့် အစ်ကိုဖြစ်သူထံမှအသတ်ခံရလုနီးပါးဖြစ်ခြင်း

s-12-13-hu-nu-lu-har-kraftige-arr-i-ansiktet-etter-knivangrepet-han-ble-utsatt-for-av-sin-
s-12-13-legene-opererte-i-mange-timer-for-berge-den-knivskadde-h-nden-hans_2.jpg

 

ကျွန်တော့် နာမည်ကတော့ Duc ဖြစ်ပါတယ်။ကျွန်တော်က ယောကျာ်းလေးသုံးယောက်နှင့် မိန်းကလေးသုံးယောက်တို့ရဲ့အဖေ ဖြစ်ပါတယ်။ခရစ်တော်ကိုမသိခင်တုန်းက ကျွန်တော်ဟာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။ကျွန်တော့်ရွာမှာ ၅၉အိမ်ထောင်ရှိပြီး ချုံကြည့်ရင် လူဦးရေ ၃၀၀ ခန့်ရှိပါတယ်။ ထိုအိမ်ထောင်စု(၅၉)စုထဲတွင် မိသားစု (၅)စုသာ ခရစ်ယာန်တွေဖြစ်ခဲ့ကြပါတယ်။

 

၂၀၁၅ခုနှစ်မှာ Tham ဆိုတဲ့ ဧဝံဂေလိဆရာတစ်ဦး ကျွန်တော်တို့ရွာကို လာပြီး ခရစ်တော်အကြောင်းမပြောခင်အထိ ကျွန်တော် ယေရှုအကြောင်းကြားဖူးပေမဲ့ မယုံကြည်ခဲ့ပါဘူး။  ဘုရားသခင်ဟာ ကျွန်တော်တို့ကို ဖန်ဆင်းသော ဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်တော်တို့၏ဘုရားသခင်အဖြစ် ကိုးကွယ်ရမယ်လို့ သူကပြောခဲ့တယ်။ကျွန်တော်တို့ငယ်စဉ်က ယုံကြည်ဖို့သင်ယူခဲ့တာတွေဟာ မမှန်ကြောင်း သူရှင်းပြခဲ့တယ်။သူ့ရဲ့သတင်းစကားကိုလက်ခံပြီး သမ္မာတရားကို သိဖို့ ကျွန်တော်သင်ယူခဲ့ပါတယ်။၂၀၁၅ ခုနှစ်

ဂျူလိုင်လမှာတော့ ကျွန်တော်ဟာ ကျွန်တော့်ရဲ့နှလုံးသားကို ခရစ်တော်ဆီ ဖွင့်ပေးခဲ့တယ်။ပြီးတော့ ကျွန်တော့်အိမ်မှာရှိတဲ့ ယဇ်ပလ္လင်တွေကို ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ကျွန်တော့်ဇနီးနှင့် ကလေးတွေလည်းပဲ ခရစ်တော်ကိုလက်ခံခဲ့ကြပါတယ်။ကျွန်တော်ယေရှုကိုသိကျွမ်းတဲ့နေ့ကစပြီး လူသားတွေအတွက်သူ့ရဲ့နှလုံးသားကိုနားလည်ခဲ့ပါတယ်။ခရစ်တော်အထဲမှာရှိတဲ့ ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းကြွယ်ဝမှုကိုနေ့တိုင်းခံစားရတယ်။

 

၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ကျွန်တော့်အစ်ကိုက ရဲခေါ်ကာရောက်လာကြပြီး ခရစ်တော်ကိုစွန့်လွှတ်ဖို့ ကျွန်တော့်အား အတင်းအကြပ်ခိုင်းခဲ့တယ်။သူ့နောက်လိုက်ခြင်းကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ ကျွန်တော်ပြောခဲ့တယ်။

ကျွန်တော်ယေရှုခရစ်တော်ကိုယုံကြည်တာက ဘယ်သူ့ကိုမှမထိခိုက်ကြောင်း သူတို့ကိုကျွန်တော်ပြောခဲ့ပါတယ်။ ခဏကြာတော့ ရဲကထွက်သွားခဲ့ပေမဲ့ ကျွန်တော့်အစ်ကိုနှင့်သူ့ရဲ့မိသားစုကကျွန်တော်ခရစ်ယာန်တစ်ယောက် ဖြစ်လာတာကြောင့်ကျွန်တော့်ကိုအတော်မုန်းနေခဲ့ပါတယ်။

 

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလရဲ့ နေ့တစ်နေ နံနက် ၇း၀၀ နာရီအချိန်မှာ၊ကျွန်တော် ဆုတောင်းဝတ်ပြုပွဲကနေ အိမ်ပြန်နေခဲ့ပါတယ်။

ကျွန်တော် မော်တော်ဆိုင်ကယ်နဲ့ ကျွန်တော့်အစ်ကိုအိမ်ကို ဖြတ်ပြီးမောင်းခဲ့ပေမဲ့ လမ်းမကောင်းတာကြောင့် ကျွန်တော်ဖြည်းဖြည်းချင်းမောင်းနှင်ခဲ့ပါတယ်။ အသက် ၁၂နှစ်အရွယ်နဲ့ ၁၃နှစ်အရွယ်ရှိတဲ့ သမီး ၂ ယောက်က ကျွန်တော်နဲ့အတူ ပါလာတယ်။

ရုတ်တရက် ကျွန်တော့်အစ်ကိုက ဓားအကြီးကြီးနဲ့ ပြေးလာပြီး ကျွန်တော့်ကို သတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်သမီးတွေ အလွန်ကြောက်သွားခဲ့ပြီး ဆိုင်ကယ်ပေါ်ကနေ ခုန်ဆင်းကာ အသက်လုပြေးခဲ့ကြတယ်။ကျွန်တော့်အစ်ကိုက ကျွန်တော့်ကိုဖမ်းမိခဲ့ပြီး ကျွန်တော့်မျက်နှာ၊ပခုံးနှင့် လက်မောင်းတို့ကိုဓားနဲ့လိုက်ထိုးခဲ့ပါသည်။ ကျွန်တော့်ညာဖက်လက် ကျိုးလုမတက်ဖြစ်ခဲ့ပါတယ်။နာကျင်မှုကြားကနေ “ပြေး၊ပြေး”ဆိုပြီး ပြောသံကို ကျွန်တော့်ခေါင်းထဲမှာ ကြားခဲ့ပါတယ်။ ကျွန်တော့်ခန္ဓာကိုယ်ထဲ သွေးများထွက်နေရင်းနဲ့ပဲ ကျွန်တော်ပြေးလာခဲ့ပါတယ်။ကျွန်တော့်အစ်ကိုက ကျွန်တော့်နောက်ကိုပြေးလိုက်ပေမဲ့ လိုက်မမီတော့တာကြောင့် သူ့ရဲ့ဆိုင်ကယ်ပြန်ယူဖို့ အိမ်ပြန်သွားခဲ့ပါတယ်။ကျွန်တော့်ကို ဆိုင်ကယ်နဲ့အသေလိုက်သတ်ဖို့သူရည်ရွယ်ခဲ့ပေမဲ့ သူ့သမီးတစ်ယောက်က သူဘာဖြစ်နေလဲဆိုတာနားလည်တာကြောင့် သူ့ကိုတားလိုက်နိုင်ခဲ့တယ်။

 

ကျွန်တော့်သမီးနှစ်ယောက်က အိမ်ကိုသွားခဲ့ပြီး ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော့်ရဲ့မိသားစုကို ပြောပြခဲ့ကြတယ်။ကျွန်တော့်သားတစ်ယောက်က ပြေးပြီးကျွန်တော်ကျန်ခဲ့တဲ့ဆိုင်ကယ်ကို ယူစီးကာကျွန်တော့်ကိုလိုက်ရှာခဲ့ပါတယ်။ကျွန်တော့်ကိုတွေ့တာနဲ့ချက်ချင်း ၁၀၀ကီလိုမီတာလောက်ဝေးတဲ့ဆေးရုံကိုပို့ပေးဖို့ လူနာတင်ကားကို ခေါ်ပေးခဲ့ပါတယ်။လူနာတင်ကားရောက်လာခဲ့တဲ့အချိန်မှာ မနက် ၉နာရီရှိပြီး ကားပေါ်ရောက်တဲ့ချိန်မှာတော့ သွေးဆုံးရှုံးမှုများလို့ မေ့မြောသွားခဲ့ပါတယ်။

ကျွန်တော့်လက်ကိုကယ်တင်ဖို့အတွက်ကျွန်တော့်ကို ညနေ၅နာရီထိ တစ်နေကုန် ခွဲစိတ်ခဲ့ကြပါတယ်။ကျွန်တော်နဲ့ ကျွန်တော့်လက် ရှင်သန်ခဲ့ပေမဲ့ ကျွန်တော်နိုးလာတဲ့အခါ မမြင်ရတော့ပါဘူး။ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် သုံးရက်ကြာပြီးနောက်မှာ ကျွန်တော့်အမြင်အာရုံပြန်ရခဲ့ပါတယ်။ ကျွန်တော့်ကိုကယ်တင်သူဟာဘုရားသခင်ဖြစ်ကြောင်းကျွန်တော်ယုံကြည်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော့်ဒဏ်ရာတွေပြင်းထန်တာကြောင့် ကျွန်တော်သေရတော့မယ်လို့ ရွာသူရွာသားတွေက သေချာနေကြပါတယ်။

တစ်ပတ်အကြာမှာ ကျွန်တော်အသက်ရှင်နေသေးတာကို သူတို့ကြားတဲ့အခါ သူတို့နားမလည်နိုင်ခဲ့ကြပါဘူး။ စစ်မှန်သောဘုရားသခင်က ကျွန်တော့်ကို ကူညီပေးခဲ့တာဖြစ်ပါတယ်။သူ့ကြောင့်သာမဟုတ်ရင်ကျွန်တော်အခုချိန်အသက်ရှင်နေမှာမဟုတ်ပါဘူး။ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။

 

ကျွန်တော်ရွာကို ပြန်ရောက်တဲ့အခါမှာတော့ ကျွန်တော်ကိုးကွယ်တဲ့ တန်ခိုးကြီးသောဘုရားသခင်အကြောင်းကိုကျွန်တော့်အိမ်နီးချင်းများဆီစတင်ဝေမျှခဲ့ပါတယ်။တော်တော်များများက လက်ခံခဲ့ကြတယ်။ ယနေ့မှာတော့ ကျွန်တော်တို့ရွာရဲ့ အိမ်ထောင်စု ၅၉ခုမှာ  ၂၀ အိမ်ထောင်က  ခရစ်တော်နောက်လိုက်များဖြစ်လာပါပြီ။ကျွန်တော့်အစ်ကို လွန်ခဲ့တဲ့ တစ်နှစ်ကဆုံးသွားခဲ့ပါတယ်။ ကျွန်တော်သူ့ကိုခွင့်လွှတ်ခဲ့ပြီး ဘုရားသခင်က သူ့ရဲ့အပြစ်ကိုခွင့်လွှတ်ပေးဖို့ ဆုတောင်းပါတယ်။သူ့ရဲ့မိသားစုတွေ ကယ်တင်ခြင်းခံရဖို့ရည်ရွယ်ပြီး သူတို့ကိုလည်း သတင်းကောင်းကိုဝေမျှပါတယ်။ ယခု ကျွန်တော် သမ္မာတရားကိုသိရှိပြီး ကျွန်တော့်ရဲ့ ဖန်ဆင်းရှင်နဲ့ ကယ်တင်ရှင်အဖြစ် ဘုရားသခင်ကို ကိုးကွယ်ပါတယ်။ ဟာလေလုယ။

bottom of page