
ကားတိုင်တွင်ချိတ်ဆွဲခံရသောဘုရားသခင်
၁၉၉၉ခုနှစ် စက်တင်ဘာလတွင်, ပါစတာတွီစဲန်သည် ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်းရှိ ခမ်ပုံတုံခရိုင်သို့ ခရီးထွက်ခဲ့သည်။ သူ၏ရည်ရွယ်ချက်မှာ ယင်းခရိုင်ရှိ လူသူအရောက်ပေါက်နည်းသော ဒေသများသို့ ဧဝံဂေလိဝေငှရန်ဖြစ်သည်။ ကမ္ဘောဒီး၏ယားနိုင်ငံရှိ ယင်းအပိုင်းဒေသသည် ၂၀ရာစု အဆုံးပိုင်းအထိ ခမယ်ရုပါတီ(Khmer Rouge) အုပ်ချုပ်သော နောက်ဆုံးဒေသများမှ တစ်ခုဖြစ်သည်။ ခမယ်ရုပါတီ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေစဉ် ဧဝံဂေလိသတင်းစကား သယ်ဆောင်ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ခဲ့ချေ။ ပါစတာစဲန်သည် ယင်းဒေသတွင် ခရစ်တော်၏သတင်းကောင်းကို ပထမဆုံး ဝေငှခဲ့သူဖြစ်သည်။ ရွာသူရွာသား အများစုမှာ ဗုဒ္ဓဘာသာဝင်များ နှင့် နတ်ကိုးကွယ်သူများဖြစ်ကြပြီး ခရစ်ယာန်ဘာသာကို လုံး၀မကြားဖူးကြသူများ ဖြစ်သည်။
ရွာငယ်လေးတစ်ခုကို ပါစတာစဲန်ရောက်တဲ့အခါ သူ့ကို ဖက်လဲတကင်းကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ယင်းဒေသရှိလူများသည် ဧဝံဂေလိသတင်းစကားကို လုံလုံလောက်လောက်မကြားဖူးခဲ့ကြပေမဲ့ လူအားလုံးနီးပါးက သူတို့ရဲ့ဘ၀များကို ခရစ်တော်ထံ အပ်နှံထားကြကြောင်း တွေ့ရသည်။ ဤကိစ္စနဲ့ပတ်သက်၍ ပါစတာစဲန်က စိတ်ဝင်စားသဖြင့် ပတ်ဝန်းကျင်ထံ မေးကြည့်သောအခါ ရွာသူရွာသားများက သူ့အား စောင့်နေခဲ့ကြခြင်းဖြစ်ကြောင်းသိလိုက်ရသည်။ အဘွားအိုတစ်ဉီးသည် သူ့ထံလာ၍ သူမခေါင်းကို ညွတ်ပြီး ပါစတာစဲန်ရဲ့လက်များကို ဆုပ်ကိုင်ခဲ့သည်။ ထို့နောက် “ဟုတ်တယ်။ ကျမတို့ဆရာ့ကို စောင့်နေတာ အနှစ်၂၀ လောက်ရှိပြီ” လို့ပြောပြီး ရွာနှင့်ပတ်သက်သော ဇာတ်ကြောင်းကို စပြောပြခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ခမယ်ရုပါတီအနိုင်ရအုပ်ချုပ်လာသည့်အခါ သူတို့က တံတာများ၊ လမ်းများ၊ ဆေးရုံများ၊ အခြေခံအဆောက်အအုံများနှင့် လူနေမှုဘဝအခြေခံများကဲ့သို့သော တစ်နိုင်ငံလုံး၏ ဖွဲ့စည်းပုံနှင့် လည်ပတ်မှုပုံစံအားလုံးကို ဖျက်ဆီးခဲ့သည်။ သူတို့က ဒါကိုအချိန်ကြာကြာ စနစ်တကျလုပ်ဆောင်ခဲ့ကြသည်။ သူတို့သည် ဖွန်ပဲန်ကဲ့သို့သော မြို့ကြီးများကို စတင်ဖျက်ဆီးပြီး ရွာများသို့ တဖြေးဖြေး ရှင်းလင်းဖျက်ဆီးခဲ့ကြသည်။
စစ်သားများသည် ခမ်ပုံတုံခရိုင်ရှိ ဤရွာသို့ ၁၉၇၉ ခုနှစ်တွင် ရောက်ရှိခဲ့ကြသည်။ ကွန်မြူနစ်တပ်သားများသည် တောထဲမှထွက်လာပြီး ရွာထဲတွင် တစ်အိမ်ဝင်တစ်အိမ်ထွက်ပြီး စုရပ်တွင် လူများစုဝေးကြရန် အမိန့်ထုတ်ခဲ့ကြသည်။ ဆန့်ကျင်သူများကို အသေပစ်သတ်ခဲ့ကြသည်။ လူများစွာသည် သူတို့၏အိမ်ပြင်ပတွင် သေဆုံးခဲ့ကြသည်။ ကျန်ရှိသူများကို ရွာအနောက်ဖက်ရှိ တောအုပ်တွင်းသို့ ရှင်းလင်းရေးလုပ်ရန် ခေါ်ဆောင်သွားခဲ့ကြသည်။ စစ်သားများက သူတို့အား ပစ္စည်းအချို့ပစ်ပေးပြီး ကျင်းစတူးရန်အမိန့်ပေးခဲ့သည်။ ရွာသူရွာသားများသည် အနီရောင်မြေဆီလွှာအား တူးနေခဲ့ကြသည်။ သူတို့အားလုံးက သူတို့၏ကိုယ်ပိုင်သင်္ချိုင်းများကို တူးနေခြင်းဖြစ်နိုင်သည်ကို သတိပြုမိခဲ့ကြသည်။ လူတချို့သည် စိတ်ဖိစီးမှုကြောင့် လဲကျသွားသည်။ ချက်ချင်းပဲပစ်သတ်ခံခဲ့ရပြီး သူတို့တူးထားတဲ့တွင်းပေါက်ဘေးမှာ ပစ်ချခံခဲ့ကြရလေသည်။
အချိန်နာရီတွေကုန်လာသည်နှင့်အမျှ သနားစရာလူများသည် တွင်းများအား နက်ပြီးကျယ်အောင် ချွေးတွေထွက်၊ ငိုယိုပြီး တူးနေခဲ့ကြသည်။ အဆုံးတွင် သူတို့လက်ထဲမှပစ္စည်းများကို ချထားဖို့ စစ်သားများက သူတို့အား ပြောပါသည်။ ပြီးတော့ သူတို့အားလုံး ခုနလေးတင်တူးပြီးခဲ့ကြတဲ့ သင်္ချိုင်းဂူတွေဖက်ကို မျက်နှာမူဖို့ စစ်သားတွေက အမိန့်ပေးခဲ့ကြသည်။ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ပဲ သူတို့ရပ်နေခဲ့ကြပြီး ပစ်သတ်ခံရဖို့ကို စောင့်နေခဲ့ကြပါသည်။ စစ်သားများက သူတို့၏ကျည်ဆန်များကို ချွေတာဖို့ထက် ရွာသူရွာသားများကို ပစ်ဖို့ပိုမိုစိတ်အားထက်သန်နေခဲ့ကြသည်။
အခြေအနေကတော့ ခြောက်ခြားဖွယ်ဖြစ်နေသည်။ သူတို့တစ်ဦးချင်းစီ စတင်ငိုကြွေးခဲ့ကြပြီး သူတို့၏နှုတ်ခမ်းများမှ အကူအညီအတွက် အပူတပြင်းဆုတောင်းသံကို ကြားကြရသည်။ အချို့က ဗုဒ္ဓဘုရားကိုခေါ်ခဲ့ကြပြီး အချို့က ဘိုးဘေး သို့မဟုတ် မိခင်ကို ခေါ်ခဲ့ကြသည်။ ရုတ်တရက် မိန်းမတစ်ယောက်က ထအော်ခေါ်ခဲ့သည်။ သူမအော်ခေါ်ခဲ့တဲ့အရာက ဟိုးအရင်က သူမအမေ တစ်ခါပြောပြခဲ့ဖူးတဲ့ ကားတိုင်တွင်ချိတ်ဆွဲခံခဲ့ရသောဘုရားကို ဖြစ်သည်။ ထိုကဲ့သို့အော်ခေါ်ပြီးနောက်မှာတော့ အရာအားလုံးက တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းက သူတို့ အရှေ့မှာရှိနေတဲ့ မှောင်နေတဲ့ဂူသင်္ချိုင်းများအား စိုက်ကြည့်နေခဲ့ကြသည်။ အချိန်ခနကုန်သွားတဲ့အထိ တိတ်ဆိတ်နေဆဲ။ ဘာမှ မဖြစ်လာပေ။ တဖြေးဖြေးနဲ့ ဘာဖြစ်နေလဲသိဖို့ သူတို့ပတ်ဝန်းကျင်ကို လှည့်ကြည့်ခဲ့ကြချိန်တွင် သူတို့အနောက်မှာ မည်သူမျှမရှိတော့ပေ။ စစ်သားများ ထွက်သွားခဲ့ကြလေပြီ။
“၁၉၇၉ခုနှစ် အဲ့ဒီထူးဆန်းဖွယ်နေ့ရက်ကတည်းက ကျမတို့လူတွေက စောင့်နေခဲ့ကြတာ” ဆိုပြီး အဘွားအိုက ရှင်းပြခဲ့ပါတယ်။ “ကားတိုင်ပေါ်ချိတ်ဆွဲခံရတဲ့အဲ့ဒီဘုရားအကြောင်း ငါတို့ကို လာပြောပြမဲ့သူကို စောင့်နေခဲ့ကြတာ။”