
ကီတီမာလုံး
ကျွန်မနာမည်ကတော့ ကီတီမာလုံးဖြစ်ပါတယ်။
လက်တလောမှာ ရန်ကုန်မှာနေထိုင်ပါတယ်။
ကျွန်မဘဝရဲ့အကောင်းဆုံးအရာလေးတွေကို အနည်းငယ်ဝေမျှသက်သေခံချင်ပါတယ်။ ကျွန်မက မတူညီတဲ့ဘာသာကြီးနှစ်ခုကို ကိုးကွယ်တဲ့မိဘနှစ်ပါးမှ မွေးဖွားလာခဲ့ပါတယ်။ အသက်၈နှစ်အထိ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းထဲကြီးပြင်းလာခဲ့ပါတယ်။ အဲ့ဒီအချိန်တွေထဲမှာပဲ အဖေ့ရဲ့ကျေးဇူးကြောင့် ယေရှုအကြောင်းကို ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေက နေတဆင့်သိလာခဲ့ပါတယ်။ ဒါပေမယ့် အသက်၉ နှစ်အရွယ် ပညာဆက်လက်သင်ယူဖို့အတွက် ရန်ကုန်ရောက်လာခဲ့ပြီးနောက်ပိုင်းမှသာ ခရစ်ယာန်အသိုင်းအဝိုင်းထဲရောက်ရှိခဲ့ပြီး ယေရှုခရစ်တော်ရဲ့အကြောင်းကိုထဲထဲဝင်ဝင်သိလာခဲ့ရပါတယ်။ ငယ်ရွယ်တဲ့အချိန် မိဘနဲ့ခွဲခဲ့ရပြီး မတူညီတဲ့ပတ်ဝန်းကျင်ထဲမှာ ရောင်လည်လည်ဖြစ်ခဲ့ပါတယ်။ တခါတလေ အားငယ်မှုတွေ၊ ဝမ်းနည်းမှုတွေရှိခဲ့ပါတယ်။ ရွာငယ်လေးတခုကနေ မြို့ပြကိုရောက်လာခဲ့တဲ့အခါမှာတော့ ကျွန်မရဲ့ အကျင့်စာရိတ္တတွေက အရမ်းကွဲပြားနေခဲ့ပါတယ်။
ဒါကြောင့်လဲ ဒီပတ်ဝန်းကျင်က ကျွန်မနဲ့မသက်ဆိုင်ဘူးလို့ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပတ်ဝန်းကျင်ကပဲ ကျွန်မကို ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ တို့ထိဖို့အတွက် မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ပြန်တွေးလိုက်တိုင်းအမြဲဘုရားသခင်ကိုကျေးဇူးတင်နေမိပါတယ်။
ဘုရားသခင်ရဲ့အမှုပြုခြင်းဟာ အံ့ဩဖွယ်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ကျွန်မ camp တခုတက်ရောက်ခဲ့ပြီး ဒုတိယမွေးဖွားခြင်းကို ခံခဲ့ပါတယ်။ အဲ့ဒီအချိန်ဟာကျွန်မဘဝအတွက်အကောင်းဆုံးအချိန်ပါပဲ။ လောကလူသားများအပြစ်အတွက် ကမ္ဘာမတည်မရှိမှီကတည်းက လက်ဝါးကားတိုင်မှာ အသေခံဖို့ ရွေးချယ်ခြင်းခံခဲ့တဲ့ ယေရှုခရစ်တော်ရဲ့ အသွေးသွန်း အသက်စွန့် ကယ်တင်ခြင်းကို ကျွန်မနှလုံးသားထဲမှာ လက်ခံရရှိခဲ့လို့ဖြစ်ပါတယ်။ အဲ့ဒီအချိန်လေးကစလို့ ကျွန်မနှလုံးသားထဲမှာ ပြောင်းလဲခဲ့ပါတယ်။ ကျွန်မအသက်တာမှာ ဘုရားသခင်ရဲ့မျက်မှောက်တော်ကို ပိုပြီးရှာချင်လာခဲ့တယ်။ ဘုရားရဲ့အလိုတော်လမ်းထဲမှာပဲ ပိုပြီးလျှောက်လှမ်းချင်လာခဲ့ပါတယ်။
ဒါကြောင့် "လူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှါဘုရားသခင် အလိုတော်ရှိ၏။"၁တိ၂:၄ - ဆိုတဲ့အတိုင်း ဘုရားသခင်ရဲ့ အလိုတော် ပြည့်စုံစေဖို့ရန်အတွက်လည်း ကျွန်မစတင်ဆုတောင်းခဲ့ပါတယ်။
အထူးသဖြင့် ကျွန်မမိသားစုအတွက်ဖြစ်ပါတယ်။ ညပေါင်းများစွာကျွန်မမိသားစုအတွက်ငိုကြွေးဆုတောင်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ ဘုရားသခင်ရဲ့အလိုတော်ပြည့်စုံရန် အလိုမရှိသူ မာန်နတ်ရဲ့ နှောက်ယှက်မှုတွေ ဝင်ရောက်လာခဲ့ပါတယ်။ အမျိုးမျိုးသော ဘေးစကားတွေ၊ အခြေအနေတွေ၊ ပြဿနာတွေနဲ့ ကျွန်မကိုဆွဲချဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်မရဲ့အသက်တာထဲ မဖြစ်နိုင်တော့ပါဘူးဆိုတဲ့အတွေးတွေနဲ့ လက်လျော့လိုက်ချင်တဲ့စိတ်တွေ၊ အရှုံးပေးလိုက်ချင်တဲ့စိတ်တွေ၊ တွေဝေမှုတွေနဲ့ ကြုံခဲ့ရတဲ့အချိန်တွေများစွာရှိပါတယ်။ အဲ့ဒီအချိန်တွေမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကသာ အမြဲဆွဲထူပြီး ဘုရားရဲ့ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ဘုရားသခင်ရဲ့ချစ်ခြင်းကပိုပြီးထင်ရှားခဲ့ပါတယ်။ ဒီလောကကြီးထဲမှာ အသက်ရှင်နေထိုင်စဉ် ကောင်းခြင်း၊ဆိုးခြင်းဟာ အမြဲကြုံတွေ့နေရတာဖြစ်ပါတယ်။ အခုချိန်မှာတော့ ကျွန်မအသက်တာထဲ အကောင်းကြုံကြုံ၊ အဆိုးတွေ့တွေ့ အရာရာဟာ ဘုရားသခင်ရဲ့မေတ္တာကိုသာ၍ထင်ရှားစွာခံစားရစေပါတယ်။
ကျွန်မရဲ့ဆုတောင်းတွေက သိသာထင်ရှားစွာမပြည့်စုံသေးပါဘူး။ ဒါပေမယ့် ဘုရားသခင်ကအလုပ်လုပ်နေတာကိုယုံကြည်တယ်။ ဘုရားသခင်ရဲ့အလိုတော်ကိုပြည့်စုံစေဖို့ ကျွန်မရဲ့ဆုတောင်းသံကို အဖြေပေးပြီး ဘုရားသခင်အမှုပြုမှာကို ကျွန်မယုံကြည်ပါတယ်။
ဘယ်လိုလဲ၊ ဘယ်အချိန်မှာလဲ၊ ဘယ်နေရာမှာလဲ ကျွန်မမသိပေမယ့် လာမယ့်နေ့ရက်တွေထဲမှာ ကျွန်မတို့မိသားစုစုံလင်စွာဘုရားမျက်မှောက်တော်ထဲ အတူတကွ ချီးမွမ်းကိုးကွယ်ရခြင်းကို ကျွန်မမျက်မှောက်ထင်ရှားမြင်တွေ့ရပါပြီ။
ကျွန်မဆုတောင်းခြင်းကိုရပ်တန့်မှာမဟုတ်သလို ယုံကြည်သူအားလုံးကိုလည်း ဘယ်တော့မှလက်မလျော့ဘဲ ယုံကြည်ခြင်းထားရှိဖို့တိုက်တွန်းလိုပါတယ်။ ကျွန်မတို့မှာ ဘုရားသခင်သာရှိရင် အရာရာကို ကျွန်မတို့ပိုင်ဆိုင်ပြီးပါပြီ။သက်သေခံချက်ကိုဖတ်ပေးတဲ့အရောက်စီတိုင်းပေါ်မှာ ဘုရားသခင်ကောင်းကြီးပေးပါစေ။