
ဂျိမ်း ပကတိကျန်းမာသွ ားပြီ
ဂျိမ်းစ် သည် ၂၀၁၅ခုနှစ် နွေရာသီ၌ ဘူတန်နိုင်ငံ ထင်ဖူးမြို့တွင်ပြုလုပ်သော လူငယ်ညီလာခံတစ်ခုတွင် ကျွန်ုပ်တို့နှင့် ဆုံတွေ့ခဲ့သော လူငယ်တစ်ဉီးဖြစ်သည်။ ဤအရာများသည် သူယေရှုနှင့်တွေ့ဆုံခဲ့ပုံ၊ သူကြုံတွေ့ခဲ့ရသော ပြသနာများ အကြောင်းနှင့် ဖြစ်ပျက်လာသော နိမိတ်လက္ခဏာများအကြောင်း သူ၏ကိုယ်ပိုင်နှုတ်ထွက်စကားများဖြစ်ပါသည်။
ဂျိမ်းစ်အသက် ၁၅နှစ်မှာ သူ့ဘဝအကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူ(၉)တန်းတက်နေတုန်းမှာ သူ၏မိသားစုကို ထောက်ပံ့ရန်နှင့် သူ့ကျောင်းလခပေးနိုင်ရန် ကျောင်းဆင်းချိန်များတွင် သူအလုပ်လုပ်ခဲ့သည်။ ဒီဇင်ဘာလနှင့်ဇန်နဝါရီလများသည် ကျောင်းပိတ်ရက်များဖြစ်ပြီး ထိုအချိန်၌ သူသည် အထပ်မြင့်အဆောက်အအုံကြီးတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။ တစ်နေ့တွင် သူသည်တတိယထပ်မှပြုတ်ကျခဲ့ပြီး ကြွေပြားများခင်းထားသော ကြမ်းပြင်ပေါ်သို့ကျသွားသည်။ ဂျိမ်းစ်သတိလစ်သွားခဲ့ပြီး သူ့အားဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ ထူးဆန်းသည်မှာ ထိုအချိန်တွင် သူ့ကိုယ်ပေါ်တွင် ဒဏ်ရာမတွေ့ရပေ။ သူ့ကို ချက်ချင်းပဲ အိမ်သို့ပို့လိုက်ကြပြီး အနာသက်သာဆေးများထည့်ပေးလိုက်ကြသည်။ သို့သော် သူ့အနေနှင့် ထိုအရာများကို အသုံးပြုရန် မလိုအပ်ခဲ့ပါ။
တစ်ပတ်အကြာတွင် ပြဿနာများစတင်လာသည်။ သူကျောင်းပြန်တက်ခဲ့ပြီး ကျောင်းတက်နေစဥ် သူ့ကျောနှင့်ဗိုက် ၂ခုလုံး နာကျင်မှုကို စတင်ခံစားလာခဲ့သည်။ သူ့ခြေထောက်၂ချောင်းလုံး စရောင်လာပြီး သူ့တစ်ကိုယ်လုံး တဖြေးဖြေးရောင်လာသည်။ ဂျိမ်းစ်သည် ၅၀ကီလိုဂရမ်အလေးချိန်ရှိသော်လည်း ရောင်ရမ်းခြင်းကြောင့် သူ၏အလေးချိန်သည် ၇၀ကီလိုဂရမ်အထိ မြင့်တက်ခဲ့သည်။ သူ့လက်ဖောရောင်ခြင်းကြောင့် လက်ကိုဖိလိုက်စဉ် အတွင်းသို့ နစ်ဝင်သွားပြီး သူအင်္ကျီတောင်ကိုယ်တိုင် မဝတ်နိုင်ကြောင်း ကျွန်ုပ်တို့ကို ပြောပြသည်။ သူပြုတ်ကျပြီးနောက် ကျောက်ကပ်ထိခိုက်ခြင်းဖြစ်နိုင်ကြောင်း ဆေးရုံကပြောခဲ့သည်။ ဂျိမ်းစ်သည် သူနေမကောင်းဖြစ်သောကြောင့်သာမက ဘုရားသခင်နှင့်ဝေးကွာသွားသောကြောင့် အလွန်ဝမ်းနည်းကြောင်း၊ သခင့်ဆီမည်သို့ပြန်လာပြီး သခင့်မေတ္တာကို မည်သို့ခံစားရမည်ကိုမသိကြောင်း ကျွန်ုပ်တို့အား ဝေမျှခဲ့သည်။

ဆေးရုံတွင် တစ်ပတ်ဆေးကုပြီးနောက် ဂျိမ်းစ်နေပြန်ကောင်းလာသဖြင့် အိမ်ပြန်ခဲ့သည်။ သို့သော် တစ်ပတ်ကြာပြီးနောက် ထပ်မံ ဖောရောင်ခဲ့သည်။ သူဆေးရုံပြန်တက်ရပြီး ဒီတစ်ကြိမ်တွင် တစ်လကြာ ဆေးကုခံခဲ့ရသည်။ ရေများများသောက်ပြီး ရောဂါထိန်းချုပ်ရန် ဆေးရုံသို့ပုံမှန် လာပြရန် သူ့အားမှာခဲ့သည်။
သူပြုတ်ကျပြီး တစ်နှစ်ခွဲအကြာ ၂၀၁၂ခုနှစ် နွေရာသီတွင် ဂျိမ်းစ်သည် ညီလာခံတစ်ခုတက်ရောက်ခဲ့သည်။ သူ့ခန္ဓာကိုယ်က ရောင်နေဆဲဖြစ်သည်။ ထိုပွဲတွင် သူဒူးထောက်လျက် ငိုကြွေးလျက် ဆုတောင်းခဲ့သည်။ ပွဲရှိ တရားဟောဆရာများက သူ့အတွက်ဆုတောင်းပေးခဲ့ပြီး၊ ဘုရားသခင်ကသူ့အားကျေနပ်ပြီး ခုချိန်ဟာဝမ်းမြောက်ရမဲ့အချိန် ဖြစ်ကြောင်း ပြောခဲ့ကြတယ်။ “ကျွန်တော်က ကိုယ့်အတွေးနဲ့ကိုယ် ဒူးထောက်ဆုတောင်းနေခဲ့လို့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ သတိမထားမိဘူး။ ဒါပေမဲ့ ကျွန်တော့်အတွင်းမှာ မီးတောက်နေသလိုခံစားခဲ့ရတယ်။ ဝမ်းမြောက်ခြင်းနဲ့ ပေါ့ပါးခြင်း လွှမ်းခြုံလာတာကို ခံစားရပြီး ကျွန်တော် စငိုခဲ့တယ်။ ပြီးတော့ အပူကိုခံစားရပြီး ကျွန်တော် ငိုလိုက် ရယ်လိုက်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးမှုကို ခံစားရတယ်။ ကျွန်တော် အလွန် ငြိမ်သက်ခြင်းခံစားရတယ်။ အရင်ကနဲ့မတူပဲ ကျွန်တော် လက်များမြှောက်လျက်ကနေခဲ့တယ်။ ဒါတွေကိုကျွန်တော်မှတ်မိတာမဟုတ်ပဲ ကျွန်တော့်သူငယ်ချင်းများက ပြန်ပြောခဲ့ကြတာ" ဟု ဂျိမ်းစ်က ပြောခဲ့သည်။
“ကျွန်တော့်ပတ်ဝန်းကျင်က အသံတွေကို စသတိပြုမိတဲ့အခါမှာ အချို့က ရီနေခဲ့ကြပြီး အချို့က ငိုနေခဲ့ကြတယ်။ အဲ့ချိန်ကစပြီး ကျွန်တော့်ခန္ဓာကိုယ်မှာ တစ်ခုခုဖြစ်နေကြောင်း ကျွန်တော် သတိပြုမိတယ်။ ကျွန်တော့်ညီမက ကျွန်တော်ပုံစံ ပြောင်းလဲသွားတယ်ပြောလို့ ကျွန်တော်မှန်ကြည့်တဲ့အခါ ရောင်ရမ်းတာတွေ မရှိတော့ဘူး။ ကျွန်တော်အလွန် အံ့အားသင့်ပျော်ရွှင်ခဲ့ရတယ်။ သံသယတွေပျောက်သွားပြီး ဘုရားသခင်ဟာ စစ်မှန်တဲ့ဘုရား ကျွန်တော့်ကို ကုသပေးခဲ့ကြောင်း ကျွန်တော် သိခဲ့ရတယ်။