
ဆရာRahmo

အားလုံးပဲမင်္ဂလာပါ။ ကျွန်တော့်နာမည်ကတော့ ဆရာRahmoဖြစ်ပြီး ချင်းလူမျိုးတစ်ဦးဖြစ်ပါတယ်။ကျွန်တော့်မှာမိသားစုဝင်(၅)ယောက်ရှိပါတယ်။ကျွန်တော့်ဇနီး၊သမီးနှစ်ယောက်နဲ့သားလေးတစ်ယောက်ရှိပါတယ်။ အခုလက်ရှိမှာတော့ တာချီလိတ်မှာ Church Planအနေနဲ့ကျွန်တော်ပါဝင်ဆပ်ကပ်နေတာ(၆)နှစ်ရှိပါပြီ။ကျွန်တော်အခုလိုမျိုးသက်သေခံခွင့်ရလို့ဘုရားသခင်ကိုရှေးဦးစွာချီးမွမ်းချင်ပါတယ်။
ဘုရားသခင်က ကျွန်တော့်အပေါ်မှာအလွန်ကောင်းမြတ်ပါတယ်။ဒီနေ့ဒီအချိန်ထိအသက်ရှင်ခွင့်ပေးတဲ့သူကဘုရားသခင်ပဲဖြစ်တယ်ဆိုတာပြောချင်ပါတယ်။ကျွန်တော့်အပေါ်မှာ ဘုရားကောင်းမြတ်တာအများကြီးရှိတဲ့အထဲကနေ ဒီနေ့မှာတော့ဘုရားကျွန်တော်အပေါ်မှာပြုခဲ့အမှု၊သက်သေလေးတွေကိုဝေမျှပေးချင်ပါတယ်။ ကျွန်တော်တာချီလိတ်ကိုစရောက်တုန်းက ကျွန်တော့်ရဲ့ဘဝမှာသေဘေးနဲ့ရင်ဆိုင်တွေ့ကြုံခဲ့ရပါတယ်။
တစ်နေ့တော့ပိုက်ထောင်ဖို့ ချောင်းတစ်ဖက်ကမ်းကိုဖောင်နဲ့သွားတဲ့အခါမှာတော့ အသွားမှာရေမတက်ခဲ့ပေမဲ့ ပြန်လာတဲ့အခါမှာရေတက်နေခဲ့ပါတယ်။ အဲ့ဒီအခါမှာကျွန်တော်ရဲ့ဖောင်ကရေထဲပါသွားပြီး ကျွန်တော်ကချောင်းရဲ့အလယ်မှာကြိုးရှိတော့အဲ့ကြိုးကိုကျွန်တော်ကိုင်ထားပြီးသေရမလိုအနေထားမျိုးဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်ကိုအသက်ရှင်ခွင့်ပေးပါဆိုပြီးဘုရားသခင်ထံဆုတောင်းခဲ့ပါတယ်။ဘုရားသခင်ကကျွန်တော့်ရဲ့ဆုတောင်းသံကိုနားညောင်းပေးတာဖြစ်ပါတယ်။ ဒါနဲ့ဘုရားသခင်ကကျွန်တော့်ကိုဘယ်လိုကယ်တင်ခဲ့လဲဆိုရင် ကျွန်တော်ကိုင်ထားတဲ့ကြိုးကိုဖြေးဖြေးချင်းဆွဲပြီးဟိုဖက်ကမ်းကမ်းကိုသွားဖို့ရန်လမ်းပြပေးခဲ့ပါတယ်။ ကျွန်တော်သွားခဲ့တဲ့ချောင်းကတော်တော်လေးကြီးတဲ့အတွက်ကြောင့် စိုးရိမ်ရတဲ့အခြေနေလေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကြိုးကိုကိုင်ပြီးဖြေးဖြေးချင်းဟိုဖက်ကမ်းကိုသွားနိုင်ခဲ့ပါတယ်။ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်သာဖြစ်ပါတယ်။
အဲ့ဒီအခါမှာ ကျွန်တော့်ရဲ့စိတ်ထဲမှာဖြစ်လာတဲ့အရာက ကျွန်တော်ကသေရတော့မဲ့လူဖြစ်ပေမဲ့ ဘုရားကအသက်ရှင်ခွင့်ပေးခဲ့တယ်။ အခုချိန်မှာတော့ ဘုရားသခင်ပေးထားတဲ့အသက်နဲ့ပဲကျွန်တော်အသက်ရှင်နေရတာဖြစ်ပါတယ်။ နောက်ထပ်သက်သေခံချင်တဲ့အရာက ကျွန်တော်ကအပြင်မှာအင်္ဂလိပ်စာကျူရှင်သင်ကြားပေးတဲ့သူဖြစ်ပါတယ်။ တစ်နေ့တော့ စာသင်ချိန်နောက်ကျရင်အိမ်ပြန်နောက်ကျမှာစိုးတာနဲ့မြန်မြန်ရေချိုးပြီးကျူရှင်သွားဖို့ပြင်ဆင်ခဲ့ပါတယ်။ ဒါနဲ့ကျွန်တော်လက်ရေမခြောက်သေးခင်ကျူရှင်သွားဖို့အလျင်လိုတဲ့အတွက်ကြောင့်အားသွင်းထားတဲ့ဖုန်းကိုဖြုတ်ဖို့လုပ်တဲ့အခါမှာ ကျွန်တော်ဓာတ်လိုက်သွားခဲ့ပါတယ်။ကျွန်တော်မေ့လဲသွားပြီး ပြန်နိုးလာခဲ့ပါတယ်။ကျွန်တော်သေရတော့မဲ့လူဖြစ်ပေမဲ့လည်းမသေခဲ့ရပြန်ပါဘူး။ ဒါနဲ့ ဘုရားသခင်ကကျွန်တော့်အပေါ်မှာကြီးမားတဲ့အကြံစည်ရှ်ိကြောင်းကိုခံစားလာခဲ့ရပါတယ်။ဘုရားသခင်ပေးတဲ့အသက်နဲ့ပဲ ကျွန်တော်အသက်ရှင်လာတာဖြစ်တယ်။ အတိတ်က ကျွန်တော်မှာအားနည်းချက်တွေရှိသလို၊ ဘုရားရဲ့အလိုတော်အတိုင်းအသက်မရှင်ပဲနေသော်ငြားလည်းပဲ ကျွန်တော်သေရမဲ့အခြေနေတွေကြုံတွေ့ရတိုင်းမှာအသက်ရှင်ခွင့်ပေးတဲ့ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။
ဘုရားသခင်ကကျွန်တော့်ရဲ့အသက်တာမှာဘာဖွင့်ပြပေးသလဲဆိုရင် ကောလောသဲဩဝါဒစာ ၁:၁၆
"အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။" ဒီကျမ်းပိုဒ်ထဲမှာခပ်သိမ်းသောအရာတွေအားလုံးကိုကိုယ်တော့်အဖို့လိုငှာဖြစ်ကြောင်း ဘုရားသခင်ဖန်ဆင်းထားတာကိုတွေ့ရပါတယ်။
အဲ့ဒီနှုတ်ကပတ်ကကျွန်တော့်ရဲ့အသက်တာထဲရောက်လာတဲ့အခါမှာ ကျွန်တော့်အတွက်များစွာကောင်းကြီးဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းကျွန်တော်အသက်ရှင်လာတဲ့နေ့ရက်တိုင်းမှာ ကျွန်တော်ဟာကိုယ့်ကိုကိုယ်ပိုင်ဆိုင်တာမဟုတ်ဘဲ ဘုရားကကျွန်တော့်ကိုပိုင်ဆိုင်ကြောင်းသိလာခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်း ကျွန်တော်ဘုရားသခင်ရဲ့အမှုတော်မြတ်ပါဝင်တဲ့အခါ၊ဧဝံဂေလိလုပ်တဲ့အခါ၊ကျမ်းစာကျောင်းမှာ ဆရာလုပ်တဲ့အခါမှာ ခက်ခဲတဲ့အချိန်တွေမြောက်မြားစွာကြုံတွေ့ခံစားခဲ့ရပေမဲ့လည်း ကျွန်တော်ရဲ့အသက်တာကကိုယ်ပိုင်ဆိုင်တာမဟုတ်ဘဲ ဘုရားသခင်အတွက်ဖြစ်တယ်ဆိုတာကိုခံစားခဲ့ရပါတယ်။အခုဖတ်ရှုနေတဲ့သူတွေကိုကျွန်တော်ခွန်အားပေးချင်တာကတော့ ဘုရားသခင်ကကျွန်တော်တို့ကိုလောကမှာအသက်ရှင်စေတဲ့အခါမှာရည်ရွယ်ချက်တွေရှိပါတယ်။ဖတ်ရှုတဲ့သူတွေထဲမှာလည်းသေရမဲ့အခြေနေနဲ့ကြုံတွေ့ရမယ်လို့ယုံကြည်ပါတယ်။ဘုရားသခင်ကကျွန်တော်တို့ကိုဘာကြောင့်အသက်ရှင်စေတာလဲ။ သူ့ရဲ့နိုင်ငံတော်ကျယ်ပြန့်ဖို့ရန်နှင့် သူ့ရဲ့ဘုန်းတော်ထင်ရှားဖို့ရန်အတွက်ကျွန်တော်တို့ကိုအသက်ရှင်စေတာဖြစ်ပါတယ်။ ကိုယ်တော်ပေးတဲ့အသက်နဲ့ပဲ ကိုယ်တော့်အတွက်ကျွန်တော်တို့ပေးဆပ်ရမှာဖြစ်ပါတယ်။ကျွန်တော့်ကိုအသက်ရှင်စေတာလည်း ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ရွက်ဖို့ဖြစ်ပါတယ်။ဒါကြောင့် နက်ဖြန်ဆိုတဲ့အရာကိုကျွန်တော်ရောက်နိုင်ပါ့မလားမသိတဲ့အခါမှာ ကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေအမှုတော်မြတ်၌ပါဝင်ဖို့ခွန်အားပေးတိုက်တွန်းချင်ပါတယ်။
