
တစ်မူထူးခြားသောစာအုပ်

သင်ကသမ္မာကျမ်းစာအုပ်ကို မြင်သည့်အခါဖြစ်စေ ကိုင်တွယ်သည့်အခါဖြစ်စေ၊ အရာအားလုံးထက် ထူးခြားထူးကဲသော အရာတစ်ခုကို ကိုင်ဆောင်ထားခြင်းဖြစ်ကြောင်း သတိပြုသင့်ပါတယ်။ အများစုကတော့ ဒီစာအုပ် ဘယ်လောက် ထူးခြားကြောင်း သတိမထားမိတဲ့အတွက် ထိုအကြောင်းနှင့်ပတ်သက်ပြီး အနည်းငယ်ဖော်ပြပေးလိုပါတယ်။
အရောင်းရဆုံး စာအုပ်။
၁၅ ရာစုတွင် ဂျာမနီနိုင်ငံသား ယိုဟန် ဂူတင်ဘာ့ဂ် (Johann Gutenberg) က ပုံနှိပ်စက်ကို တီထွင်ခဲ့ပြီး စာအုပ်များစွာ ပုံနှိပ်ထုတ်ဝေနိုင်လာသောအခါ၊ သမ္မာကျမ်းစာက ပထမဆုံး ဦးစားပေးစာရင်းတွင် ပါဝင်ခဲ့ပါတယ်။ ထိုအချိန်မှစပြီး သမ္မာကျမ်းစာဟာ ကမ္ဘာပေါ်တွင် ပုံနှိပ်ထုတ်ဝေမှု အများဆုံးနှင့် အရောင်းရဆုံးစာအုပ် ဖြစ်လာခဲ့တယ်။
မူလအစ။
သမ္မာကျမ်းစာဟာ နှစ်ပေါင်း ၁,၅၀၀ ကျော် ကာလအတွင်း ရေးသားပြုစုခဲ့သော "စာကြည့်တိုက်အသေးစားလေး" တစ်ခု ဖြစ်တယ်။ ဤကဲ့သို့သော သမိုင်းကြောင်းရှိတဲ့ အခြားစာအုပ်မျိုး ကမ္ဘာပေါ်တွင် မရှိသေးပါ။
လက်ရေးမူများ။
ကျမ်းစာများ စတင်ပေါ်ပေါက်လာချိန်က စာအရေးအသားအားလုံးဟာ လက်ရေးမူများသာ ဖြစ်ကြောင်း ပြောပြဖို့တောင်မလိုပါဘူး။ ထိုစဉ်က စာရေးခြင်းအတတ်ဆိုတာဟာ အဖက်ဖက်ကနေ ခက်ခဲပါတယ်။ ရေးသားရာတွင် ကျူတံ သို့မဟုတ် ငှက်မွေးကို အသုံးပြုခဲ့ကြပြီး၊ မင်ရည်များကိုပပိုင်းရပ်စ် (Papyrus) အပင်ရဲ့ ပေလွှာများပေါ်တွင် ရေးသားခဲ့ကြတယ်။ ပပိုင်းရပ်စ် ဆိုတာ အချင်း ၁၀ စင်တီမီတာခန့်ရှိပြီး အမြင့်မီတာပေါင်းများစွာ ရှိတဲ့ ထူးခြားတဲ့ အပင်တစ်မျိုး ဖြစ်တယ်။ ထိုပင်စည်ကို အလွှာပါးလေးတွေလှီးပြီး တစ်ခုနဲ့တစ်ခု ကြက်ခြေခတ်ပုံစံ ထပ်ထားတာဖြစ်ပါတယ်။။ ပင်စည်အတွင်းရှိ အစေးက ကော်လိုဖြစ်နေပြီး စာရေးဖို့ မျက်နှာပြင်တစ်ခု ဖြစ်လာစေပါတယ်။ ခဲဖျက်မရှိတဲ့ထိုခေတ်တွင် စာရေးသားရာမှာ အလွန်အမင်း ဂရုစိုက်ခဲ့ကြရတယ်။
အရေအတွက်။
အထက်ပါ အချက်တွေအရ ဘာကြောင့် အလွန်အရေးကြီးတဲ့အရာတွေကိုပဲ စာအုပ်အဖြစ် ရေးသားခဲ့သလဲဆိုတာ နားလည်ရပါတယ်။ ရှေးဟောင်းခေတ် (ခရစ်တော်မပေါ်မီ ၁,၅၀၀ ခန့်မှ ခရစ်သက္ကရာဇ် ၅၀၀ ခန့်အထိ) က ရေးသားခဲ့တဲ့လက်ရေးမူ အများအပြားဟာ ရာစုနှစ်များစွာ ကြာလာတဲ့အခါ ပျောက်ကွယ်သွားတတ်ကြတာကလည်း နားလည်နိုင်စရာ ဖြစ်ပါတယ်။ ဒါကြောင့် ပုံနှိပ်စက်တွေ မပေါ်ခင် ခေတ်ကာလတွေကနေ ကြွင်းကျန်တဲ့ ဘယ်စာအုပ်ထက်မဆို သမ္မာကျမ်းစာရဲ့လက်ရေးမူ မိတ္တူပေါင်းများစွာ ရှိနေခြင်းက အလွန်တရာမှ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ထင်ရှားတဲ့ ဥရောပပြတိုက်တွေမှာ ဓမ္မသစ်ကျမ်းဆိုင်ရာ လက်ရေးမူပေါင်း ၅,၅၀၀ ခန့်ကို ထိန်းသိမ်းထားပါတယ်။ ဒါက ဘာကိုပြောပြနေလဲဆိုရင် အစကတည်းက သမ္မာကျမ်းစာဟာ ထူးကဲစွာ အရေးပါတဲ့အရာအဖြစ် သတ်မှတ်ခံခဲ့ရခြင်းပဲဖြစ်ပါတယ်။

သမိုင်းကြောင်းခိုင်လုံမှု။
“သမ္မာကျမ်းစာဟာ ရှေးဟောင်းဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ပဲ” လို့ လူအချို့ရဲ့ ပြောဆိုမှုကို ကျွန်ုပ်တို့ စိတ်တိုနေဖို့မလိုပဲ သူတို့ရဲ့ မသိနားမလည်မှုကို ပြုံးပြီးသာကြည့်နေလို့ရပါတယ်။ ရှေးဟောင်းစာအုပ် တစ်အုပ်အုပ်က သမိုင်းကြောင်း ခိုင်လုံတယ်ဆိုရင် သမ္မာကျမ်းစာက အခိုင်လုံဆုံး ဖြစ်ပါတယ်။ ၎င်းတွင် စစ်မှန်တဲ့ သမိုင်းကြောင်းလက္ခဏာရပ်များ ဖြစ်သော - လူအမည်များ၊ နေရာဒေသ အမည်များ၊ အချိန်ကာလ ဖော်ပြချက်များနှင့် အမှန်တကယ် တည်ရှိခဲ့တဲ့ အသေးစိတ် အချက်အလက်များ ပါဝင်နေခြင်းက ၎င်းဟာ ဒဏ္ဍာရီမဟုတ်ဘဲ စစ်မှန်တဲ့သမိုင်းကြောင်းဖြစ်ကြောင်း သံသယကင်းစေပါတယ်။ တမန်တော်ဝတ္ထု ၁၈:၁-၄ မှာပါတဲ့ အချက်ကို ဥပမာအဖြစ် ကြည့်နိုင်ပါတယ်။
“ထို့နောက် ပေါလုသည် အာသင်မြို့မှ ထွက်သွား၍ ကောရိန္သုမြို့သို့ ရောက်လေ၏။ ထိုအခါ ကလောဒိမင်းသည် ယုဒလူအပေါင်းတို့ကို ရောမမြို့မှ ထွက်သွားစေခြင်းငှါ အမိန့်တော်ရှိသောကြောင့်၊ ဣတလိပြည်မှ မကြာမတင် ရောက်လာသော ပုန္တုပြည်သား အာကုလအမည်ရှိသော ယုဒလူတစ်ယောက်နှင့် သူ၏မယား ပြစ်ကိလကို တွေ့လျှင်၊ သူတို့ဆီသို့သွား၍၊ အမျိုးတူသည်ဖြစ်၍ သူတို့နှင့်အတူ နေလျက် လုပ်ဆောင်လေ၏။ ထိုသူတို့သည် တဲချုပ်တတ်သော အတတ်ကို အမှီပြု၍ အသက်မွေးကြ၏။ ပေါလုသည်လည်း ဥပုသ်နေ့တိုင်း တရားစရပ်၌ ဆွေးနွေးငြင်းခုံ၍ ယုဒလူ၊ ဟေလသလူတို့ကို နားချလေ၏။”
အသက်ရှိသောနှုတ်ကပတ်တော်
သမ္မာကျမ်းစာနဲ့ပတ်သက်ပြီး သမိုင်းဝင်ခိုင်လုံမှုနှင့် ထူးခြားမှုတွေအကြောင်း ပြောပြီးနောက်၊ အရေးကြီးဆုံးအချက်တစ်ခု ကျန်နေပါသေးတယ်။အဲ့တာက သမ္မာကျမ်းစာဟာ ကျွန်ုပ်တို့ထံ ခရစ်တော်ကို ယူဆောင်ပေးခြင်း ဖြစ်တယ်။ ယေရှုခရစ်တော်ဟာ ရန်ငြိမ်းစေသောအရှင်၊ ရှင်ပြန်ထမြောက်သောအရှင်၊ လူ့ဇာတိခံယူသော နှုတ်ကပတ်တော်နှင့် အသက်ရှင်ခြင်း အစစ်အမှန်ဖြစ်ပါတယ်။
