
ဒိနမာလာ
ကျွန်မနာမည်ကတော့ မဒီနမာလာဖြစ်ပါတယ်။ကျွန်မလည်း ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုအနည်းငယ်သက်သေခံခြင်းပါတယ်။
ပထမဆုံးအနေနဲ့ အနာငြိမ်းခြင်းနဲ့ပတ်သက်ပြီးတော့သက်သေခံချင်ပါတယ်။လွန်ခဲ့သောနှစ်အနည်းငယ်တုန်းက ကျွန်မမှာ အကြောနဲ့ပတ်သက်ပြီးတော့ ရောဂါရှိခဲ့ဖူးပါတယ်။အဲ့ဒီရောဂါကဘယ်လိုချိန်တွေမှာအများဆုံးပေါ်လာလဲဆိုရင်တော့ ရာသီဥတုအေးတဲ့အချိန်၊အလေးမတဲ့အချိန်ဆိုရင် အကြောရောဂါကပြန်ဖြစ်လာပြီ လမ်းတောင်မလျှောက်နိုင်တဲ့အထိဖြစ်ခဲ့ဖူးပါတယ်။ဒါပေမယ့်ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ၂၀၂၂ခုနှစ် နိုင်ဝင်ဘာလ မှာ ကျွန်မတို့ အိမ်မှာတစ်လသင်တန်းပြုလုပ်ခဲ့ကြပါတယ် ။အဲဒီသင်တန်းမှာ ဆရာကြီးဦးတွီဟိန်းရဲ့ အနာငြိမ်းခြင်း ဟောပြောချက်အားဖြင့် ဘုရားသခင်ကကျွန်မရဲ့အနာရောဂါကိုငြိမ်းစေနိုင်တဲ့ဘုရားသခင်ဖြစ်ကြောင်းကျွန်မလက်ခံခဲ့ပြီး အဲ့အချိန်မှာကျွန်မရဲ့အသက်တာထဲမှာ အနာငြိမ်းခြင်းကိုခံစားခဲ့ရတယ်ဆိုတဲ့အရာကို သက်သေခံချင်ပါတယ်။
ဒုတိယအနေနဲ့ ကျွန်မတို့ငွေကြေးနဲ့ပတ်သက်ပြီးတော့အနည်းငယ် သက်သေခံခြင်းပါတယ်။ ကျွန်မမှာညီမလေးတစ်ယောက်ရှိပါတယ်။ယခုသူမကျောင်းတက်နေပါတယ်။သူမကျောင်းတက်နေတဲ့အခါမှာကျောင်းစရိတ်အတွက်ထောက်ပံ့ပေးတဲ့သူမရှိပါဘူး။ဒါပေမဲ့ ကျွန်မဒီကိစနဲ့ပတ်သတ်ပြီးဘယ်သူ့ဆီမှာမှတစ်ခါမှမပြောခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ လူတိုင်းအားလုံးခက်ခဲနေကြလို့ပါ။ကျွန်မဘုရားသခင်ဆီမှာဘဲဆုတောင်းခဲ့ပါတယ်။
"ရှင်မဿဲ ၁၁း၂၈ ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။"လို့နှုတ်ကပတ်တော်ထဲမှာပြောထားတဲ့အတိုင်း
ကျွန်မထမ်းနေရတဲ့ဝန်ကိုဆုတောင်းခြင်းနဲ့ဘုရားသခင်လက်ထဲအပ်နှံခဲ့ပါတယ်။ကျေးဇူးတော်ကြောင့် တစ်ခါမှကိုယ်မမျှော်လင့်ထားလူတစ်ယောက်ဆီကနေ ညီမလေးအတွက်ကျောင်းစရိတ်ကိုရရှိခဲ့တယ်။ကိုယ်ထမ်းထားတဲ့ဝန်ထုပ်ဝန်ပိုးကို ဘုရားသခင်လက်ထဲအပ်နှံလိုက်တဲ့အခါမှာ တကယ်ဘဲ ဝန်ပေါ့ရသော အခွင့်ကို ဘုရားသခင်က ပြင်ဆင်ပေးတယ်ဆိုတဲ့အကြောင်းကို အနည်းငယ်သက်သေခံခြင်းပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဘုရားရှင်ကောင်ကြီးပေးပါစေ။