
ပါမင်ဒါ၏ နိမိလက္ခဏာ

ပန်ဂျပ်ပြည်နယ်၊ ဘာသျှင်ဒါ (Bathinda) မြို့တွင် နေထိုင်သော ပါမင်ဒါဆင်းဂ်သည် အသက် ၄၁ နှစ်ရှိပြီ ဖြစ်သည်။ သူသည် ဖခင်၊ မိခင်၊ ညီမငယ်လေးတစ်ဦးတို့နှင့်အတူ ဆစ်ခ် ဘာသာဝင် မိသားစုတွင် ကြီးပြင်းလာခဲ့သည်။ သူ၏ဖခင်မှာ ရဲအရာရှိတစ်ဦးဖြစ်ပြီး မိခင်မှာ အိမ်ရှင်မတစ်ဦးဖြစ်သည်။ ပါမင်ဒါသည် ၁၀ တန်းကျောင်းသားဘဝတွင် သူငယ်ချင်းများနှင့်အတူ စူးစမ်းလိုစိတ်ဖြင့် မူးယစ်ဆေးဝါးကို စတင်စမ်းသပ်သုံးစွဲခဲ့ရာမှ နောင်တွင် မူးယစ်ဆေး၏ သားကောင်ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် ကိုကင်း နှင့် ဘိန်း ကဲ့သို့သော ပြင်းထန်သည့် မူးယစ်ဆေးများကိုပါ သုံးစွဲလာပြီး အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုလောကထဲသို့ ရောက်ရှိသွားခဲ့သည်။ သူသည် မူးယစ်ဆေးဝါးဝယ်ယူရန်အတွက် မိသားစုဝင်များနှင့် သူငယ်ချင်းများကိုပင် ခြိမ်းခြောက်၍ ငွေတောင်းခံခဲ့သည်။
ပါမင်ဒါသည် ထိုကဲ့သို့သော ဘဝဆိုးထဲတွင် ၂၅ နှစ်တိုင်တိုင် ကျင်လည်ခဲ့သည်။ သူသည် ဖြတ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း သူငယ်ချင်းဟောင်းများနှင့် ပြန်ဆုံသည့်အခါတိုင်း မူးယစ်ဆေးနွံထဲသို့ ပြန်လည်နစ်မွန်းသွားလေ့ရှိသည်။
အစပိုင်းတွင် သူ၏ဖခင်က သူ့ကို ကူညီရန်နှင့် လမ်းမှန်ရောက်ရန် အကြံပေးခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်ပျက်ကာ သားဖြစ်သူနှင့် အဆက်အသွယ်ဖြတ်လိုက်သည်။ မိခင်နှင့် ကျန်ရှိသော မိသားစုဝင်များမှာလည်း နတ်ဆရာများ၊ အင်းအိုင်ခါးလှည့်များဖြင့် နည်းလမ်းအမျိုးမျိုးသုံး၍ ကူညီရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၂၀၁၅ ခုနှစ်တွင် ပါမင်ဒါသည် "God's Grace Church" သို့ ရောက်ရှိလာခဲ့သည်။ ထိုဘုရားကျောင်းရှိ တေးသီချင်းများ၊ ဝတ်ပြုကိုးကွယ်မှုနှင့် တရားဒေသနာများကို သူ အလွန်နှစ်သက်သဘောကျခဲ့သည်။ သို့သော်လည်း အခက်အခဲများမှာ ချက်ချင်းပျောက်ကွယ်မသွားခဲ့ဘဲ အချိန်အတန်ကြာ ဆက်ရှိနေခဲ့သည်။ သင်းအုပ်ဆရာမ Supkal သည် သူ့အတွက် အချိန်ပေးကာ ကျမ်းစာလာကတိတော်များကို ဖတ်ပြပြီး အားပေးခဲ့သည်။ ပါမင်ဒါသည် ယခုအခါ "အသစ်ပြုပြင်ခြင်းခံရသောသူ" ဖြစ်ကြောင်း ဆရာမက အလေးအနက်ထား ပြောကြားခဲ့ရာ ၎င်းမှာ သူ့အတွက် အလွန်အရေးကြီးသော အလှည့်အပြောင်း ဖြစ်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် သူသည် မူးယစ်ဆေးနှင့် လမ်းမှားသော လူနေမှုဘဝကို တဖြည်းဖြည်း လျှော့ချဖြတ်တောက်နိုင်ခဲ့ပြီး ထိုနှစ် ခရစ္စမတ်ကာလတွင် သူသည် မူးယစ်ဆေးဝါးမှ လုံးဝကင်းစင်သွားပြီဖြစ်ကြောင်း ဂုဏ်ပြုကျင်းပနိုင်ခဲ့သည်။
သူ၏ဘဝဟောင်းမှ နောက်ဆုံးအကြိမ် ရဲနှင့်ပတ်သက်ခဲ့ရမှုမှာ ၂၀၁၇ ခုနှစ်တွင် ဖြစ်သည်။ ထိုစဉ်က သူသည် လက်နက်ကိုင်ဆောင်ထားသော သူငယ်ချင်းများနှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရသည်။ အကျဉ်းထောင်ထဲတွင် ရောက်နေစဉ် အချုပ်ခန်း၏ ပြတင်းပေါက်တွင် လက်ဝါးကပ်တိုင်တစ်ခု ချိတ်ဆွဲထားသည်ကို သူတွေ့လိုက်ရသည်။ ထိုအခါ သူသည် မကြောက်ရွံ့တော့ဘဲ ယေရှုက သူ့ကို ကူညီလိမ့်မည်ဟု ယုံကြည်လိုက်သည်။ စစ်ဆေးမေးမြန်းမှုအတွင်း ရဲများက သူ၏ပြောပြချက်ကို မမျှော်လင့်ဘဲ ယုံကြည်ခဲ့ကြသဖြင့် နှစ်ရက်အကြာတွင် သူ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၎င်းကို သူက ကြီးမားသော အံ့ဖွယ်နိမိတ်တစ်ခုအဖြစ် မှတ်ယူခဲ့သည်။

ပါမင်ဒါတွင် ဇနီးနှင့် ၁၆ နှစ်အရွယ် သားတစ်ဦးရှိသည်။ သူ၏ အတိတ်က လူနေမှုဘဝကြောင့် ၎င်းတို့နှစ်ဦးစလုံး အလွန်ဆင်းရဲဒုက္ခရောက်ခဲ့ကြရသည်။ သူသည် သားဖြစ်သူ ကြီးပြင်းလာစဉ်တစ်လျှောက် လုံးဝဂရုမစိုက်ခဲ့ပေ။ သို့သော် ယခုအခါတွင်မူ မိသားစုတစ်ခုလုံး ပြန်လည်စည်းလုံးသွားကြပြီဖြစ်သည်။ မိဘများ၊ ဇနီးနှင့် သားဖြစ်သူတို့က သူ့အပေါ် အလွန်လေးစားကြပြီး အရေးကြီးသော ဆုံးဖြတ်ချက်များမချမီ သူ့ထံမှ အကြံဉာဏ်တောင်းခံလေ့ရှိကြသည်။ ပါမင်ဒါသည် တကယ်ဖြစ်သင့်ဖြစ်ထိုက်သော လူကောင်းတစ်ယောက် ဖြစ်လာခဲ့သည်။ ပါမင်ဒါ၏ ဘဝပြောင်းလဲသွားသည့် အံ့ဖွယ်ဖြစ်ရပ်ကို တွေ့မြင်ပြီးနောက် သူ၏ဇနီး၊ သား၊ မိခင်နှင့် အခြားသော ဆွေမျိုးများစွာတို့သည်လည်း ယုံကြည်သူများ ဖြစ်လာခဲ့ကြသည်။
ယနေ့တွင် ပါမင်ဒါသည် သဘာဝဆေးဖက်ဝင်အပင်များဖြင့် ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းကို လုပ်ကိုင်နေသည်မှာ နှစ်နှစ်ရှိပြီဖြစ်ပြီး စီးပွားရေးမှာလည်း အလွန်အောင်မြင်နေပါသည်။ သူ၏ထုတ်ကုန်များကို အိန္ဒိယနိုင်ငံရှိ ပြည်နယ်အတော်များများတွင် ရောင်းချနေရသည်။ ပါမင်ဒါက “ဟာလေလုယာ” ဟု အမြဲဆိုလေ့ရှိသည်။ မည်သည့်လူသားနှင့် မည်သည့်တန်ခိုးကမျှ မတတ်နိုင်ခဲ့သည့်အရာကို ဘုရားသခင်က သူ့အတွက် လုပ်ဆောင်ပေးခဲ့ခြင်းပင် ဖြစ်သည်။

