
ဗန်ရိုဟိန်း
ကျွန်တော်နာမည်ကတော့ ဗန်ရိုဟိန်းဖြစ်ပါတယ်။ကျွန်တော်လည်း ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းကို သက်သေခံချင်ပါတယ်။ ကျွန်တော်ဟာ ခရစ်တော်ကို မိမိ ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်စိတ်ချထားတဲ့ သူတယောက်ဖြစ်ပေမဲ့ လူဟောင်းရဲ့ အသက်တာတိုင်းဘဲ ကျင်လည်နေခဲ့တယ်။ ၂ကော ၅း၁၇ မှာဖော်ပြထားတဲ့ အတိုင်း အသစ်သော အရာတွေ ကျွန်တော့်ဆီမှာ မထင်ရှားလာခဲ့ပါဘူး။
ကောင်းသောအရာတွေကို ကြိုးစားပြီး လုပ်ဆောင်ပေမဲ့လည်း အမြဲတမ်း လဲကျနေခဲ့ပါတယ်။ လူသစ်တယောက်ဖြစ်ဖို့ရန် အတွက် ကြိုးစားရုန်းကန်နေခဲ့ပေမဲ့ တစ်ကြိမ်မှ မအောင်မြင်ခဲ့ဘူး။ဒါကြောင့် ကျွန်တော့် အသက်တာမှာ ကောင်းသောအရာတွေကို ကျင့်နိုင်ဖို့အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ကျွန်တော် ကျင့်ချင်သည့် အတိုင်း ကောင်းသောအကျင့်ကို မကျင့်နိုင်တဲ့အချိန်မှာ စိတ်ဓာတ်ကျခဲ့တယ်။ ကျွန်တော် ဘယ်လောက်ဘဲကြိုးစား ကောင်းသောအကျင့်ကိုမကျင့်နိုင်ခဲ့ဘူးဆိုတာကို တဖြည်းဖြည်း သဘောပေါက်လာခဲ့ပါတယ်။ ရောမသြဝါဒစာ ၇:၁၅ “အကြောင်းမူကား၊ငါသည်ကိုယ်ကျင့်သောအကျင့်ကိုမနှစ်သက်။ကျင့်ချင်သောအကျင့်ကိုမကျင့်၊ရွံရှာသောအကျင့်ကိုကျင့်၏။”
ဘုရားသခင်က လေးသောဝန်ကိုပေါ့စေမယ်လို့ ပြောထားပေမဲ့လည်း ကျွန်တော်ကအမြဲဝန်လေးသလိုခံစားနေခဲ့တယ်။ အဓိကအချက်ကတော့ ကျွန်တော် ကောင်းအောင်မကျင့်နိုင်တဲ့အခါမျိုးမှာ “ဘုရားသား တစ်ယောက်ဖြစ်နေပါလျှက်နဲ့ ဘာကြောင့် မကောင်းတဲ့ အကျင့်တွေကို အမြဲလုပ်နေမိတာလဲ “ ဆိုပြီး ကိုယ့်ကိုကို အပြစ်တင်မိနေတယ်။ နောက်ဆုံးတော့ ကောင်းသောအကျင့်ကိုကြိုးစားပြီးကျင့်နေတာက ပညတ်တရားကို လိုက်လျှောက်နေတာနဲ့ အတူတူဘဲ ဆိုတာ သဘောပေါက်သွားတယ်။
ဒီကောင်းသောအကျင့် ကျင့်နိုင်အောင်ကြိုးစားနေတာဟာ ပညတ်တရားအောက်မှာ ငါအသက်ရှင်နေတာဘဲ။ ဒါကြောင့် ပညတ်တရားရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ကျေးဇူးတရားကိုပြန်ကြည့်တဲ့အခါမှာ ရှင်ပေါလုဟာ ကျေးဇူးတရားအားဖြင့် လွတ်မြောက်ခြင်းရတာကိုပြန်တွေ့ရတယ်။ ထိုနည်းတူ ကျွန်တော်လည်းဘဲ ကောင်းသောအကျင့်ကိုကြိုးစားပြီးကျင့်နေဖို့ရန် မဟုတ်ဘဲ ခရစ်တော်ရဲ့ ကျေးဇူးပြုခြင်းသက်သက်ကြောင့်သာ ဖြောင့်မတ်နိုင်တယ်ဆိုတာကို နားလည်သွားတဲ့အခါမှာ ကျွန်တော်ရဲ့အတွင်းထဲမှာ လွတ်မြောက်ခြင်းခံစား ခဲ့ရပါတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ ခရစ်တော်အားဖြင့် ဘုရားသခင်ရှေ့မှာ ဖြောင့်မတ်သောသူ၊ အပြစ်ကင်းစင်သောသူ၊ သန့်ရှင်းသောသူတယောက် ဖြစ်လာခဲ့ပါတယ်။
အားလုံးအပေါ် ဘုရားရှင်ကောင်းကြီးပေးပါစေ။
ရောမ ၇း၂၅ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကြီးလှပေ၏။
၂ကော ၅း၁၇ လူမည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီ။