
မောင်အာရုန်
ရှေးဦးစွာဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်။ကျွန်တော့်ကိုအခုလိုမျိုးသက်သေခံခွင့်ပေးလို့ အထူးကျေးဇူးတင်ရှိပါတယ်။ကျွန်တော် နာမည်ကတော့ မောင်အာရုန် လို့ခေါ်ပါတယ်။ ကျွန်တော်ကတော့ အခုလက်ရှိ ရှမ်းပြည်နယ်(တာချီလိတ်မြို့)မှာနေထိုင်နေပါတယ်။ ကျွန်တော်က (ဝ)လူမျိုးဖြစ်ပါတယ်။ကျွန်တော့် မှာ မိဘတွေမရှိကြတော့ပါဘူး။ ကျွန်တော် ငယ်ငယ်ကတည်းက မိဘတွေကဆုံးသွားခဲ့ပါတယ်။ကျွန်တော်ရယ်၊အစ်မရယ်ပဲ ကျန်ခဲ့ပါတယ်။ဒါပေမယ့် ဘုရားသခင်ရဲ့ကျေးဇူးတော်သက်သက်ကြောင့် မိဘမဲ့ကျောင်းတခုမှာ အခမဲ့ကျောင်းတက်ခွင့်ရ၊ နေခွင့်ရခဲ့ပါတယ်။ ကျွန်တော် အတွက် တခါမှ မမျှော်လင့်ခဲ့တဲ့အရာဖြစ်ပါတယ်။အဲ့ဒီလိုနဲ့ ကျောင်း တက်ရင်းနဲ့ ဘဝကိုရုန်းကန်နေရတာဖြစ်ပါတယ်။
ကျောင်း ပိတ်ရက်မှာ ဆိုရင် ကျွန်တော်အလုပ်လုပ်တယ်။ ရတဲ့ပိုက်ဆံလေးတွေစုဖြစ်တယ်။ ကျောင်း ပြန်ဖွင့်တဲ့အခါမှာတော့ လိုအပ်တဲ့ အဝတ်တွေ၊ ကျောင်းစိမ်းကျောင်းဖြူ အသစ်တွေ ဝယ်ပြီးဝတ်ရပါတယ်။ အခုချိန်ထိလည်း ကျွန်တော်ခက်ခဲတုန်းပါပဲ။ ဒါပေမယ့်ဘုရားသခင် ကကျွန်တော်နဲ့အတူအမြဲတမ်းရှိနေပါတယ်။ ကျွန်တော့်ကိုဘယ်တော့မှ စွန့် မပစ်တဲ့ဘုရား၊ ကျွန်တော်အားနည်းတဲ့ အချိန် ဖေးမကူပေးခဲ့တဲ့ ထိုဘုရားသခင်ကိုအထူးကျေးဇူးတင်ပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် ကြီးပြင်းလာခဲ့ပါတယ်။ ဘုရားသခင် က ကျွန်တော့် ကိုအလိုရှိပါတယ်။ ကျွန်တော့် အတွက် အမြဲတမ်း ကောင်းမြတ် တဲ့ ဘုရားသခင် ဖြစ်ပါတယ်။ ကျွန်တော့်ဘဝကို ဘုရားသခင် လက်ထဲအပ်နှံခဲ့ပါတယ်။

အရာအားလုံး ကို ပိုင်ထိုက်တဲ့ဘုရား၊ တတ်စွမ်းနိုင်တဲ့ဘုရား၊ အရာအားလုံး ကိုလုပ်ပေးနိုင်တဲ့ဘုရား၊ ခေါ်ရင် ထူးတဲ့ဘုရား (မဿဲခရစ်ဝင်ကျမ်း ၇း၇-၈) ကျွန်တော် အရမ်း ကြိုက်တဲ့ ကျမ်းပိုဒ်တစ်ပိုဒ်ဖြစ်ပါတယ်။ ဒီကျမ်းပိုဒ်ကကျွန်တော် အမြဲတမ်း ခွန်အားရတဲ့ ကျမ်းပုဒ်ဖြစ်ပါတယ်။ ကျွန်တော့် ဘဝကြီးပြင်းလာခဲ့တဲ့ တစ်လျောက်လုံးမှာကျွန်တော်တတ်နိုင်တာ လုပ်နိုင်တာ ဘာတခုမှမရှိခဲ့ပါဘူး။ ကျွန်တော့်ကို ဒီအရွယ်ထိပို့ဆောင်ပေးခဲ့တဲ့အပြင် ကျွန်တော့်ရဲ့ဆုတောင်းသံ အမြဲတမ်း နားညောင်းပေးတဲ့ဘုရား၊ ကျွန်တော်တို့ရဲ့ဆုတောင်းသံ အော်ဟစ်သံ အမြဲတမ်းကြားချင်တဲ့ဘုရားဖြစ်ပါတယ်။ ဘဝမှာ အဆင်ပြေတဲ့အချိန်ပဲဖြစ်ဖြစ်၊ မပြေလည်တဲ့အချိန်တွေမှာလည်း ဘုရားကိုဆုတောင်းခြင်းနဲ့ ဒီအခက်ခဲပြသာနာတွေကိုအနိုင်ယူကြရအောင်။
ဟေဗြဲ ၁၁း၁ တွင် “ယုံကြည် ခြင်းသည်မျော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။မမြင်သေးသောအရာတို့ကိုသိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။” အခုလက်ရှိမှာ ကျွန်တော် ကျမ်းစာကျောင်းတက်နေပြီး (B.Th first years)ကိုဖြေဆိုထားပါတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်ပါတယ်။
ကျမ်းစာကျောင်း တက်ခွင့်ရတဲ့အပေါ် ကျန်တဲ့ ၃နှစ် လုံးကို ကောင်းမွန်စွာ နဲ့ ပြီးမြောက်အောင်တက်ချင်ပါတယ်။ ကျွန်တော့် အတွက်အမြဲတမ်း ဆုတောင်း ကူညီပေးကြပါ။ အခက်ခဲမျိုးစုံကြားထဲက အကောင်းဆုံး၊ အစအဆုံး ကျန်းကျန်းမာမာ နဲ့ပြီးမြောက်အောင်တက်ချင်ပါတယ်။ ကျွန်တော်ကျောင်း တက်ခွင့်ရတာက ကျွန်တော့်ရဲ့မွေးစား အဖေက ကူညီထောက်ပံ့ပေးတာဖြစ်ပါတယ်။ ကျွန်တော် အတွက် အမြဲတမ်း ကူညီထောက်ပံ့ပေးတဲ့ မွေးစား အဖေ အပါး(ဦးဘွေတုန်း)မိသားစု ကိုလဲ ဒီနေရာကနေ အထူးကျေးဇူးတင်ရှိပါတယ်။ အဆင်မပြေတဲ့ထဲက ကျောင်း တက်ခွင့်ရတာ ကျွန်တော် အတွက်အင်မတန်မှ ဂုဏ်ယူစရာကောင်းပါတယ်။ တခါမှ ကျောင်းတက်ခွင့်ရဖို့စိတ်ကူးမယဥ်ခဲပါဘူး။ ကျမ်းစာကျောင်း တက်ရဖို့ ပိုက်ဆံ ကလည်းမရှိဘူးဆိုတော့ အဲလိုတက်ဖို့ဆိုတာစိတ်တောင်မကူးခဲ့ပါဘူး။ ဒီအရာကလဲ ဘုရားသခင်ရဲ့ကျေးဇူးတော်သက်သက်ကြောင့်သာဖြစ်ပါတယ်။ ဒီအရာလေးအားဖြင့် သက်သေခံချင်ပါတယ်။ ကျွန်တော်တို့ မိဘမဲ့ ဘော်ဒါ ဆောင်ကိုလည်းသတိရပြီး ဆုတောင်းကူညီပေးကြပါလို့မေတ္တာရပ်ခံချင်ပါတယ်။အားလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။
