
ယခုသည် ငါသင့်အားသုံး ကြိမ်မြောက် ခေါ်ခြင်းဖြစ်သည်
တင်မ် သည်ဘူတန်နိုင်ငံသားအများစုကဲ့သို့ပင် ဗုဒ္ဓဘာသာဝင် အိမ်တွင်ကြီးပြင်းခဲ့သည်။ အရွယ်ရောက်လာသည်နှင့်အမျှ သူသည်ဗုဒ္ဓဘာသာအရေး တက်ကြွသူတစ်ဉီးဖြစ်ခဲ့သည်။ သူ့အိမ်တွင် ဘာသာရေးဆိုင်ရာပစ္စည်းများနှင့် ပြည့်နေသော အခန်းတစ်ခန်းရှိသည်။ သူသည်နံနက်တိုင်း စောစောထ ဆုတောင်းပြီး ဓမ္မစာများရွတ်ဖတ်ခြင်း၊ အမွှေးတိုင်ထွန်းညှိခြင်း၊ သောက်တော်ရေ ၇ခွက်ကပ်လှူခြင်းနှင့် ဆီမီးထွန်းညှိပူဇော်ခြင်း တို့ပြုလုပ်သည်။ သူသည် ဆာဝါထရီ နှင့်ထိမ်းမြားခဲ့ပြီး သားတစ်ဦး သမီးတစ်ဦး ထွန်းကားခဲ့သည်။ တင်မ်သည် ယူအဲန် နှင့်ဆက်စပ်ပြီး အလုပ်ကောင်းတစ်ခုကို လုပ်ကိုင်နေပြီး နိုင်ငံအတွင်းရှိ ပုံမှန်ဝင်ငွေနှင့် နှိုင်းယှဉ်ပါက သူ၏ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀၀ ရသောအလုပ်သည် အလွန်ကောင်းသော အလုပ်ဖြစ်သည်။
တင်မ် ၃၅နှစ်အရွယ် ၁၉၉၂ ခုနှစ်တွင် ဆွေမျိုးအချို့ဆီသို့ အလည်သွားခဲ့သည်။ အပြန်လမ်းတွင် စကူတာမောင်းရင် ရုတ်တရက် ဖျားနာခဲ့သည်။ သူနဲ့အတူလိုက်လာတဲ့သူအပါအဝင် တင်မ်ရော စကူတာရော လမ်းပေါ်လဲကျသွားခဲ့သည်။ တင်မ်သည် ညသန်းခေါင်ခန့်တွင် ဆေးရုံတွင်နိုးလာပြီး ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြရန် သူ၏အမျိုးသမီးကို ခေါ်ခဲ့သည်။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားခြင်းကြောင့် သူ၏ခေါင်းမထိခိုက်ခဲ့ပေ။ သူ့ဘယ်ဖက်လက်မောင်းမှာ ဆိုးရွားစွာ ထိခိုက်ခဲ့သည့်အတွက် မလှုပ်ရှားနိုင်လောက်အောင် နာကျင်ခဲ့သည်။ ဆရာဝန်က သူ့လက်မလှုပ်နိုင်အောင် နာကျင်နေပေမဲ့ ကျန်တာအကုန်ကောင်းမွန်ကြောင်း ပြောသွားခဲ့သည်။
တင်မ် ဆေးရုံမှအိမ်သို့ပြန်ရောက်သောအခါ ဗုဒ္ဓဘုန်းကြီးတစ်ပါးကို ဆက်သွယ်ခဲ့သည်။ ဘုန်းကြီး၏ အကြောင်းပြန်ချက်မှာ အကြင်နာတရားမဲ့ပြီး ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းလှသည်။ တစ်စုံတစ်ယောက်က သင့်အား သေစေရန် ပြုစားခြင်းဖြစ်ပြီး သင်သည်တစ်ပတ်အတွင်း သေမည်ဟု အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။ တင်မ်က သူဟာ ဖြောင့်မတ်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ကလေးငယ်လေးတွေရဲ့ ဖခင်ဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်ရဲ့ ကျိန်စာတိုက်တာ တွေကြောင့် သေရမယ်ဆိုရင် လုံးဝမတရားပဲ ထူးဆန်းတယ်ဆိုပြီးတွေးခဲ့တယ်။
သူ့မရီးတစ်ယောက်က ခရစ်ယာန်ဘာသာဝင် တစ်ယောက်ဖြစ်တယ်။ သူမက တင်မ် ဆီလာပြီး ဆုတောင်းပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ တင်မ်ဟာ အလွန်အစွန်းရောက်တဲ့ ခရစ်ယာန်ဆန့်ကျင်ရေးသမားဖြစ်သည့်အတွက် ငြင်းဆန်ခဲ့တယ်။ သို့သော် သူ၏မရီးက ရက်အနည်းငယ်အကြာတွင် အခြားခရစ်ယာန်အချို့ကို တင်မ့်ဆီ ထပ်မံ စေလွှတ်ခဲ့ပြီး သူတို့သည် တင်မ့်အား ဆုတောင်းပေးလို့ရနိုင်မလားဟု ယဉ်ယဉ်ကျေးကျေးမေးမြန်းခဲ့သည်။ နောက်ဆုံးတွင် တင်မ်က ဆုတောင်းပေးခြင်းကို လက်ခံခဲ့ပြီး ယေရှုနာမ၌ သူအနာငြိမ်းပါက ယေရှုခရစ်တော်ကို သူယုံကြည်လက်ခံမည်ဟု ပြောခဲ့သည်။ ခရစ်ယာန်များက တင်မ်ကို ဆီနှင့် ဘိသိတ်ပေးပြီး ယေရှုနာမကို အမှီပြု၍ဆုတောင်းပေးခဲ့ကြသည်။ တစ်နာရီခန့်အကြာမှာ သူ့လက်ကို လုံးဝလှုပ်ရှားလို့ရပြီး နာကျင်မှုလည်းလုံးလုံး ပျောက်သွားခဲ့တယ်။

တင်မ်သည် အလွန်ပျော်ရွှင်ခဲ့ပြီး ယေရှုသည်တစ်ဆူတည်းသော စစ်မှန်သောဘုရားသခင်ဖြစ်သည်ကို ယုံကြည်ခဲ့သည်။ သူနှင့် သူ့မိသားစုတစ်ခုလုံးသည် ခရစ်ယာန်ယုံကြည်ခြင်းသို့ ချက်ချင်းပြောင်းလဲခဲ့ကြသည်။ ဒီအရာကို ကျွန်တော့်မျက်လုံးနဲ့ မြင်ခဲ့ရတဲ့အတွက် ဗုဒ္ဓဘာသာကို စွန့်ခွာဖို့ဝန်မလေးကြောင်း တင်မ်ကပြုံးပြီးပြောခဲ့သည်။ ကယ်တင်ခြင်းရကာစ ဒီမိသားစုအသစ်က ဘူတန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ထင်ဖူးမြို့မှာရှိတဲ့ ခရစ်ယာန်မိသဟာယအဖွဲ့မှာ ပါဝင်ခဲ့တယ်။ အဲ့ဒီနှစ်မှာပဲ ဘုရားသခင်ရဲ့နိုင်ငံတော်မှာ ဆက်ကပ်ဖို့ တင်မ်က ပရောဖက်ပြုခံရတယ်။ ပထမဆုံးအနေနဲ့ ပရောဖက်ပြုခြင်းခံရတဲ့အပေါ် တင်မ်ကသေချာမသိခဲ့တဲ့အတွက် အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူမစဉ်းစားခဲ့ပါဘူး။
နှစ်အတော်ကြာပြီးနောက် ၁၉၉၅ခုနှစ် ဆုတောင်းစည်းဝေးတစ်ခုမှာ ဘုရားသခင်က သူ့အမှုတော်ထမ်းဆောင်ဖို့ သင့်ကိုခေါ်နေတယ်ဆိုတဲ့ တူညီတဲ့သတင်းစကားကို သူရရှိပြန်တယ်။ ဒီတစ်ခေါက်မှာလည်း တင်မ်က အမှုမဲ့အမှတ်မဲ့ ထားလိုက်ပြန်တယ်။ သုံးနှစ်အကြာ ၁၉၉၈ခုနှစ် ဒိန်းမတ်နိုင်ငံက အစည်းအဝေးတစ်ခုမှာ ပရောဖက်ပြုချက်အနေနဲ့ တူညီတဲ့သတင်းစကားကို တတိယအကြိမ် သူရရှိခဲ့ပြန်တယ်။ ဒါကမနေ့ကဖြစ်ပျက်ခဲ့သလိုမျိုးပဲ ဆိုပြီး တင်မ်က ကျွန်ုပ်တို့ကို ပြောပြခဲ့သည်။ “တံခါးနားမှာထိုင်နေတဲ့ တီရှပ်အနီရောင်နဲ့တစ်ယောက် အခုကငါ့အမှုတော်ကိုဆက်ကပ်ဖို့ တတိယအကြိမ်ခေါ်ခြင်းပဲလို့ ဘုရားသခင်ကပြောနေတယ်” ဆိုပြီး တရားဟောဆရာက ရုတ်တရက်ပြောလိုက်တဲ့ အချိန်ကစပြီး တင်မ်ဟာ အခန်းပြန်ရောက်တာနဲ့ ကြာမြင့်စွာ ထိုင်နေခဲ့တယ်။ အဲ့စကားလုံးတွေကို တင်မ် လုံးဝမမေ့နိုင်ခဲ့ပါဘူး။ ဘူတန်နိုင်ငံရှိ သူ့အိမ်ပြန်ရောက်တဲ့အခါ သူသည် ယူအဲန်အဖွဲ့ကအလုပ်ကနေထွက်ပြီး ဘုရားသခင်ရဲ့ အမှုတော်မြတ်ကို စတင်ထမ်းဆောင်ခဲ့တယ်။ ကျွန်တော် သခင့်ရဲ့ခေါ်ခြင်းကို နာခံရမယ်လို့ သူပြောတယ်။ မိသားစုကို ထောက်ပံ့ဖို့ လစာကောင်းတဲ့အလုပ်ကနေထွက်ဖို့ လွယ်တဲ့ဆုံးဖြတ်ချက်မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ “ကျွန်တော့်ဇနီးနဲ့ကျွန်တော် ၃ရက်အစာရှောင်ပြီး ဆုတောင်းခဲ့ကြတယ်။ အဲဒီအချိန်အတွင်းမှာ ကျွန်တော်တို့ရဲ့ ခြောက်နှစ်သမီးကတဆင့် ဘုရားသခင်ကကျွန်မတို့ကိုစကားပြောပြီး မစိုးရိမ်ဖို့ပြောခဲ့တယ်။” လို့တင်မ်က ကျွန်ုပ်တို့ကို ပြောပြခဲ့ပါတယ်။
(၁၉၉၉) ခုနှစ် ဇန်နဝါရီလတွင် သူတို့ကိုယ်ပိုင် ခရစ်ယာန်မိသဟာယအဖွဲ့ကို စတင်ခဲ့တဲ့အခါမှာတော့ ၎င်းသည် ဘူတန်လူမျိုးစုများ တည်ထောင်သော ပထမဆုံးဘုရားကျောင်း ဖြစ်လာခဲ့သည်။ တင်မ်မိသားစုအပြင် နောက်ထပ် ပါဝင်ချင်တဲ့သူ (၂)ဉီး စုစုပေါင်း (၆)ဦးနှင့်စတင်ခဲ့သည်။ မတည်ငြိမ်သေးတဲ့နှစ်ဖြစ်သည်။ တင်မ်က အိန္ဒိယနိုင်ငံ စိကင်မ်ပြည်နယ်နှင့် ဘူတန်နိုင်ငံတို့မှ ညီအစ်ကို(၂)ဉီးတို့နှင့်အတူ မြို့တစ်ဝန်းလုံးကို လမ်းလျှောက်သွားခဲ့ကြပြီး သူတို့သိတဲ့သူတွေရဲ့ အိမ်ကိုဝင်ပြီး ခရစ်တော်ရဲ့သတင်းကောင်းကို ဝေမျှခဲ့ကြတယ်။ ပထမခြောက်လ အတွင်းမှာ လူ(၁၂)ဉီးဟာ ဘုရားသခင်ကို လက်ခံခဲ့ပြီး အသင်းတော်ဟာလည်း သင်းဝင်(၁၈)ဉီးနဲ့ ကြီးထွားလာခဲ့တယ်။ “ဒါက သခင့်အတွက် ကျွန်တော်တို့ရဲ့ ပထမဆုံးအကြိမ် ရိတ်သိမ်းခြင်းပဲ” လို့တင်မ်က ပြောပြသည်။ သူတို့အားလုံးဟာ ဘူတန်နိုင်ငံသားတွေဖြစ်ပြီး အချို့က ဟိန္ဒူဘာသာဝင်များဖြစ်ကြပြီး အချို့မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ အများစုသည် အနာငြိမ်းခြင်းခံရခြင်းကြောင့် ယုံကြည်လာကြခြင်းဖြစ်ကြသည်။ အဲ့ဒီကစပြီး တင်မ်ရဲ့ အသင်းတော်နှင့် သာသနာလုပ်ငန်းဟာ ပိုမိုပြီး ကြီးထွားလာလေသည်။