
အမေမရှိ၊ အဖေမရှိ၊ ချစ်ခြင်းမေတ္တာမရှိသူ

ဟီယန်သည် အသက် ၂၀ အရွယ်ရှိပြီဖြစ်သည်။ ကျွန်တော် သူမကို ကမ္ဘောဒီးယားရှိ ခရစ်ယာန်ကျောင်းတစ်ခုတွင် စတင်တွေ့ဆုံခဲ့သည်။ သူမသည် ထိုကျောင်းရှိ မူကြိုနှင့် ကျောင်းလုပ်ငန်းဆောင်တာအမျိုးမျိုးတွင် ကူညီလုပ်ကိုင်ပေးနေသည်မှာ တစ်လခန့်ရှိပြီဖြစ်သည်။ အာရှတစ်လွှား ခရီးလှည့်လည်ခဲ့သည့် ကျွန်တော့်၏ အတွေ့အကြုံများအရ တွေ့ဆုံသမျှသူတိုင်း၏ ဘဝဇာတ်ကြောင်းကို စိတ်ဝင်တစား နားထောင်လေ့ရှိသည့်အတိုင်း ဟီယန်ကိုလည်း သူမ၏အကြောင်း ပြောပြရန် တောင်းဆိုခဲ့သည်။ သူမ ပြန်လည်မျှဝေခဲ့သည်မှာ ဤသို့ဖြစ်သည် -
"ကျွန်မ အဖေက ဘယ်သူလဲဆိုတာ မသိခဲ့သလို၊ အသက် ၁၇ နှစ်မတိုင်ခင်အထိ အမေက ဘယ်သူလဲဆိုတာကိုလည်း မသိခဲ့ပါဘူး။ အမေက ကျွန်မကို မပြုစုနိုင်တာကြောင့် အသက် ၈နှစ်ထိ အဘိုးအဘွားတွေနဲ့ပဲ နေခဲ့ရတယ်။ အဲဒီနောက်မှာ 'မေတ္တာအိမ်ဂေဟာ' လို့ခေါ်တဲ့ ခရစ်ယာန်မိဘမဲ့ဂေဟာကို ပို့ခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ တကယ်တမ်း မေတ္တာတရားဆိုတာ သိပ်မရှိခဲ့ပါဘူး။ ကျွန်မ အသက် ၁၆ နှစ်မှာ အရမ်းဆိုးသွမ်းလာပြီး ၁၇ နှစ်အရွယ်မှာတော့ ဂေဟာကနေ အထုတ်ခံခဲ့ရပါတယ်။
အဘိုးအဘွားတွေဆီ ပြန်ရောက်သွားတဲ့အခါ ဦးလေးဖြစ်သူက အမေနဲ့အတူနေဖို့ စီစဉ်ပေးခဲ့တယ်။ ကျွန်မအတွက်တော့ အမေဆိုတာ သူစိမ်းတစ်ယောက်လိုပါပဲ၊ ဘယ်လိုသံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာမှ မခံစားခဲ့ရဘူး။ သူမနဲ့ စကားပြောဖို့တောင် ခက်ခဲခဲ့ပါတယ်။ အမေက သူ့အိမ်မှာလာနေဖို့ ခေါ်ပေမဲ့ သူမမှာ နောက်အိမ်ထောင်နဲ့ ဖြစ်နေတာကြောင့် နေရတာ အဆင်မပြေခဲ့ပါဘူး။"
မေး - အမေနဲ့အတူ သွားနေခဲ့တဲ့ အဲဒီအချိန်မှာ အမေက မင်းအပေါ် ဘယ်လိုဆက်ဆံခဲ့သလဲ?
ဟီယန် - အမေက ကျွန်မကို အဲဒီမှာ မနေစေချင်ဘူး။ ဦးလေးက နားချလို့သာ သူလက်ခံခဲ့တာပါ။
မေး - မင်းနဲ့တွေ့တဲ့ချိန် အမေက မင်းကို ပွေ့ဖက်ခဲ့သလား?
ဟီယန် - မဖက်ပါဘူး။ ဒါကတော့ အသိသာကြီးပဲလေ။
မေး - ဘာလို့ "အသိသာကြီး" လို့ ပြောတာလဲ?
ဟီယန် - သူမက ကျွန်မကို မိနစ်ပိုင်းလေးတောင် လက်မခံခဲ့ဘူးလေ။ ကျွန်မကို နေခွင့်ပေးခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းက မိဘမဲ့ဂေဟာက အထုတ်ခံခဲ့ရလို့ပါ။ ဒါပေမဲ့ အဲဒီအချိန်က ကျွန်မကိုယ်တိုင်ကလည်း အရမ်းဆိုးနေပြီး လောကီအသက်တာထဲ နစ်မွန်းနေတာကြောင့် သူမ လက်ခံခြင်း၊ မခံခြင်းကို ဂရုမစိုက်ခဲ့ပါဘူး။ ကျွန်မ အရက်သောက်တယ်၊ ဆေးလိပ်သောက်တယ်၊ ဘားတွေသွားပြီး ခရစ်ယာန်မဟုတ်တဲ့ သူငယ်ချင်းတွေနဲ့ပဲ အချိန်ဖြုန်းခဲ့တယ်။ ခရစ်ယာန်မိဘမဲ့ဂေဟာမှာ ကြီးပြင်းပြီး ယေရှုအကြောင်း ကြားခဲ့ရပေမဲ့ ခရစ်ယာန်တစ်ယောက်လို မနေထိုင်ခဲ့ပါဘူး။
တစ်ခေါက်မှာတော့ အဲ့လို လေလွင့်နေတုန်းမှာ ကျွန်မကြီးပြင်းခဲ့တဲ့ ဂေဟာကလုပ်တဲ့ ကျမ်းစာသင်တန်းကို သွားဖြစ်ခဲ့တယ်။ အဲဒီမှာ ကောင်လေးတစ်ယောက်က သူဘယ်လိုပြောင်းလဲခဲ့တဲ့အကြောင်း သက်သေခံခဲ့တယ်။ သူက ကျွန်မထက်တောင် ပိုဆိုးခဲ့ပေမဲ့ အခုတော့ နောင်တရပြီး ယေရှုခရစ်တော်ကို သူ့ဘဝရဲ့ အရှင်သခင်အဖြစ် လက်ခံထားတာပါ။ အဲဒီသက်သေခံချက်က ကျွန်မကို အများကြီး စွဲမှတ်သွားစေခဲ့တယ်။ အဲဒါနဲ့ အသက် ၁၈ နှစ်မှာ ကျွန်မ ယေရှုဆီကို ပြန်လှည့်လာခဲ့ပါတယ်။ ဘုရားကျောင်းစတက်တယ်၊ နောက်ပိုင်းမှာ ဘုရားကျောင်းက တာဝန်တွေ၊ အထူးသဖြင့် ကလေးသူငယ်လုပ်ငန်းတွေကို ပါဝင်လုပ်ဆောင်ပေးခဲ့ပါတယ်။
မေး - မင်းက မိဘမဲ့အနေနဲ့ကြီးပြင်းခဲ့ရတယ်။ ဘုရားသခင်က မိဘတွေကို သားသမီးအပေါ် ချစ်ခြင်းမေတ္တာပြဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့အကြောင်း ကြားရတဲ့အခါ ဘာတွေးမိလဲ?
ဟီယန် - အဲဒါ တကယ်မှန်ပါတယ်။ ဘာလို့လဲဆိုတော့ ချစ်ခြင်းမေတ္တာတွေ ရရှိပြီး ကြီးပြင်းလာတဲ့ ကလေးတွေဟာ စိတ်ဓာတ်ကျတာ၊ လူတောမတိုးတာနဲ့ စိတ်ဒဏ်ရာရတာမျိုးတွေ မဖြစ်တော့ဘူးလေ။
မေး - မင်းကော မေတ္တာကို တောင့်တခဲ့လား?
ဟီယန် - အရင်ကတော့ ကျွန်မ ဝမ်းနည်းပြီး တစ်ခုခုလိုနေသလို ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ သူက အခြေအနေတွေကို ပြောင်းလဲပေးခဲ့ပါတယ်။ အခုဆိုရင် ကျွန်မလို အခြေအနေမျိုး ကြုံတွေ့နေရတဲ့သူတွေဆီကနေ မေတ္တာကို ပြန်လည်လက်ခံရရှိနိုင်ပြီဖြစ်သလို၊ ဘုရားသခင်က ကျွန်မရဲ့ အတိတ်က အတွေ့အကြုံတွေကို ကောင်းမြတ်တဲ့ လမ်းစဉ်အတွက် အသုံးပြုနေတယ်လို့ ခံစားရပါတယ်။
မေး - အပြစ်တွေထဲမှာ နေထိုင်ခဲ့ရတာ ဘယ်လိုခံစားရလဲ?
ဟီယန် - ရိုးရိုးသားသား ပြောရရင် အဲဒီတုန်းကတော့ ပျော်စရာကောင်းပြီး သဘောကျခဲ့ပါတယ်။
မေး - ဒါဆို ဘာကြောင့် ဘုရားသခင်ဆီ ပြန်လှည့်လာဖို့ ဆုံးဖြတ်ခဲ့တာလဲ?
ဟီယန် - ယေရှု ကျွန်မကို ခေါ်တဲ့အခါတုန်းက သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်မကို ထိတွေ့ပြီး ဒါဟာ ကျွန်မနေထိုင်ရမယ့် ဘဝမျိုး မဟုတ်ဘူးဆိုတာကို ပြသခဲ့ပါတယ်။ အခုဆိုရင် ကျွန်မ အမေနဲ့ ဆက်ဆံရေးလည်း အများကြီး ကောင်းမွန်လာပါပြီ၊ ဘုရားသခင်ကို ချီးမွမ်းပါတယ်။
မေး - ဘယ်လိုနည်းနဲ့ ကောင်းမွန်လာတာလဲ?
ဟီယန် - အရင်က ဖုန်းပြောရင် အမြဲတမ်း ရန်ဖြစ်နေကြတာ။ ဘုရားသခင်ကို လက်ခံပြီးတဲ့နောက်မှာ အမေ့ကို လက်ဆောင်တစ်ခု ပေးဖို့ ဆုံးဖြတ်ခဲ့တယ်၊ အဲဒါကတော့ စာအရှည်ကြီး တစ်စောင်ပါ။ အရင်က ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် "နေကောင်းလား" လို့တောင် မမေးဖူးဘူး၊ ရန်ပဲဖြစ်ခဲ့ကြတာ။ ကျွန်မရဲ့ အပြုအမူတွေအတွက် တောင်းပန်ကြောင်း၊ အမေ့ကို ပိုသိချင်ကြောင်းနဲ့ ကျွန်မရဲ့ဘဝဟာ ဘုရားသခင်အတွက် ဘုန်းတော်ထင်ရှားစေမယ့် ဘဝဖြစ်ချင်ကြောင်း အဲဒီစာထဲမှာ ရေးခဲ့ပါတယ်။ အမေ့ကို ယေရှုအကြောင်း သိလားလို့လည်း မေးခဲ့တယ်။ အမေက သိတယ်၊ သင်းအုပ်ဆရာတစ်ယောက်က လာပြောပြဖူးတယ်လို့ ဖြေပါတယ်။ အဲဒီစာပေးပြီးတဲ့နောက်မှာ ဆက်ဆံရေးက အများကြီး တိုးတက်လာခဲ့တယ်။ အမေလည်း ဘုရားကျောင်း ပိုသွားလာဖြစ်ပြီး ဘုရားသခင်အမှုတော်မှာ ပိုပြီး တက်တက်ကြွကြွ ရှိလာပါတယ်။
မေး - ဟီယန်၊ မင်းရဲ့ အိမ်မက်က ဘာလဲ?
ဟီယန် - ကျွန်မလို အခြေအနေမျိုး ကြုံခဲ့ရတဲ့ ကလေးတွေနဲ့ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေတဲ့သူတွေကို ကူညီပေးချင်တာပါ။ ဒါပေမဲ့ အခု ဒီကျောင်းမှာ လုပ်နေသလို ကလေးတွေနဲ့ အလုပ်လုပ်ရတာ တကယ်တော့ ခက်ခဲပါတယ်။
မေး - ဘာကြောင့်လဲ?
ဟီယန် - အတွေ့အကြုံ မရှိသေးတာရယ်၊ ကလေးက အရမ်းများတာရယ်ကြောင့် သူတို့ကို ကောင်းကောင်း မထိန်းနိုင်လို့ပါ။ အသံကျယ်ကျယ်နဲ့ အော်မိရင်လည်း စိတ်ထဲမှာ မကောင်းဘူး။ အဲဒါကြောင့် နေ့လယ်စာစားပြီး ကလေးတွေ အိပ်တဲ့အချိန်မှာ သူတို့နားနား ကပ်သွားပြီး "စောစောက အော်မိတာ တောင်းပန်ပါတယ်" လို့ တိုးတိုးလေး ပြောလေ့ရှိပါတယ်။ တစ်ဖြည်းဖြည်းနဲ့ စိတ်ရှည်ဖို့ သင်ယူနေပါတယ်။ ကလေးတွေက ကျွန်မကို လာဖက်ပြီး နမ်းတဲ့အခါ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရတာဟာ တကယ်ကို ကောင်းကြီးတစ်ရပ်ပါပဲ။
မေး - မင်း အရင်ကလို အပြစ်နဲ့ပြည့်တဲ့ဘဝဟောင်းဆီကို ပြန်သွားဦးမလား?
ဟီယန် - အဲဒီဘဝကို ဘယ်တော့မှ ပြန်မသွားဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒါကြောင့် ဘုရားသခင် ကျွန်မကို ကာကွယ်ပေးဖို့ အမြဲဆုတောင်းသလို၊ အရင်က သူငယ်ချင်းတွေကိုလည်း ကျွန်မကို မဆက်သွယ်ဖို့ ပြောထားပါတယ်။ အခုထိတော့ သူတို့တွေ ပြန်မပေါ်လာသေးလို့ ဝမ်းသာရပါတယ်။
