
ဦးတင်လွေး
ကျွန်တော့်နာမည် ဉီးတင်လွေးဖြစ်ပါတယ်။ အသက်ကတော့ (၇၆)နှစ်ရှိပါပြီ။
ဒီနေ့ကျွန်တော် သက်သေခံချင်တဲ့အရာက ဘုရားသခင်ကကျွန်တော့်အပေါ်ကောင်းမြတ်လွန်းလို့ အသက်ဘေးကနေ လွတ်မြောက်ခဲ့တဲ့ အကြောင်းဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ကိုဗစ်၁၉ရောဂါ တတိယလှိုင်း၊ ၂၀၂၁ခုနှစ် ဇူလိုင်လမှာ ကျွန်တော်နဲ့ မိသားစုအားလုံး ကိုဗစ်ရောဂါကူးစက်ခံရပါတယ်။
ကျွန်တော်က အသက်လည်းကြီးပြီ။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါလည်းရှိတာကြောင့် မိသားစုထဲမှာ ရောဂါကို အဆိုးဆုံးခံစားခဲ့ရပါတယ်။
အဲ့ဒီတုန်းကအခြေအနေအရ၊ ကိုဗစ်စင်တာတွေအားလုံး လူနာတွေပြည့်လို့လက်မခံကြတော့ဘူး။ ဆေးခန်းတွေမှာလည်း ကိုဗစ်ရောဂါကို ကုသပေးခြင်းမရှိသေးဘူး။ တစ်နိုင်ငံလုံးရောဂါပြန့်နေတာဖြစ်လို့ ဆေးဝါးတွေ၊ ဓာတ်ဆားထုတ်တွေ၊ အားဖြည့်စာ၊ ကြက်ပေါင်းရည်တွေ ပြတ်လပ်နေပြီး ရှားပါးနေချိန်ဖြစ်တယ်။
ဒါပေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်က ကျွန်တော်တို့မိသားစုမှာ ပြည့်လျှံနေခဲ့တယ်။
ကျွန်တော်တို့မိသားစု စပြီးကူးစက်ခံရတယ်ဆိုတာသိတာနဲ့ Hallelujah Worship Center က အမှုတော်ဆောင်များကိုယ်တိုင်က မိသားစုအားလုံးအတွက် လိုအပ်တဲ့အခြေခံဆေးဝါးများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခဲ့တယ်။
အဲ့တာအပြင် ကျွန်တော်က အသက်ကြီးပြီဖြစ်လို့ အသင်းတော်ကနေပြီး ဆရာဝန်တစ်ယောက်နဲ့လည်း နေ့ညမပြတ်ချိတ်ဆက်ပြီး ကုသခွင့်ရခဲ့တယ်။
ဒါပေမဲ့ ရောဂါဒဏ်ဆိုးရွားလာခဲ့တဲ့အချိန် စစ်ဆေးမှုတွေလုပ်ဖို့လိုအပ်လာခဲ့တယ်။ အဲ့ဒီအချိန်မှာလည်း ထိုဆရာဝန်က အိမ်ထဲထိလာရောက်ကာ သွေးတွေဖောက်၊ ဝယ်လို့မရသောဆေးများကို ကိုယ်တိုင်ရှာဝယ်ပေးပြီး အိမ်တိုင်ရာရောက် လာရောက်ကုသပေးခဲ့တယ်။ လိုအပ်တဲ့ အောက်စီဂျင်အိုးကြီးကိုလည်း HWC အသင်းတော်က ထောက်ပံ့ပေးကာ အသင်းသားတွေက ကိုယ်တိုင်သယ်လာပေးပြီး တပ်ဆင်ပေးခဲ့ကြတယ်။ ဆေးဝါးများပြည့်စုံပေမဲ့ ကိုဗစ်ပိုးရဲ့တိုက်ခိုက်မှုဟာ ပြင်းထန်လျင်မြန်လွန်းတာကြောင့် အားအင်ဆုတ်ယုတ်လာပြီး အစာစားချင်စိတ်ပျောက်ဆုံး၊ ရေသောက်ချင်စိတ်ပျောက်ဆုံး၊ သတိပျောက်ဆုံးလာပါတယ်။ မိသားစုက နည်းမျိုးစုံနဲ့ ကျွေးမွေးခဲ့ပေမဲ့ ကျွန်တော့်အသိစိတ်ပျောက်ဆုံးပြီး ငြင်းဆန်ခဲ့ပါတယ်။ ကိုဗစ်လူနာတစ်ဉီးဟာ အစားအသောက်မပြတ်ဖို့က အဓိကဖြစ်ပေမဲ့ ကျွန်တော်က လုံးဝမစားသောက်ခဲ့တော့ပါဘူး။
ကျွန်တော့်အခြေအနေစတင်ပြင်းထန်လာချိန်ကစပြီး ယုံကြည်သူမောင်နှမများစွာက ကျွန်တော့်အတွက်ဆုတောင်းပေးခဲ့ကြပါတယ်။ ကျွန်တော့်ကို မသိသော ကျွန်တော့်သားသမီးများရဲ့ မိတ်ဆွေများကပင်လျှင် များစွာဆုတောင်းပေးခဲ့ကြပြီး၊ အချို့သောသူများဆိုလျှင် နေ့တိုင်းဖုန်းဆက်လျက်ဆုတောင်းပေးခဲ့ကြတယ်။ နိုင်ငံရပ်ခြားမှ မိတ်ဆွေများကလည်း အထူးဆုတောင်းပေးခဲ့ကြပါတယ်။
နှစ်ရက်လောက်အစားအသောက် စားမဝင်ခဲ့ပြီးနောက် တစ်မနက်နိုးခါနီးမှာ ကျွန်တော်အိပ်မက်တစ်ခုမက်ခဲ့တယ်။ အိပ်မက်ထဲမှာ ချောမောလှပသောလူငယ် (၃)ယောက်က ကျွန်တော့်ဆီလမ်းလျှောက်လာတယ်။ ပြီးတော့ ကျွန်တော့်နားက အစားအသောက်တွေကို ပြပြီး “ငါတို့ခက်ခက်ခဲခဲပြင်ဆင်ပေးထားတာ မစားရင်အကုန်သိမ်းလိုက်တော့မယ်။” လို့ ကျွန်တော့်ကို ပြောပါတယ်။ အဲ့မှာပဲကျွန်တော် နိုးလာပြီး “ဘုရားသခင်က ငါ့အတွက် အစားစာတွေပြင်ဆင်ထားပါလား”လို့တွေးမိကာ စတင်ပြီး ရေတောင်းသောက်ပါတယ်။ ပြီးတော့ တဖြေးဖြေးနဲ့ အစာစစားလာပါတယ်။ ကျွန်တော်ကတော့ ခမည်းတော်၊သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် သုံးပါးတစ်ဆူဘုရားသခင်ကိုယ်တိုင် ကျွန်တော့်ကို လာသတိပေးတယ်လို့ ယုံကြည်ပါတယ်။
နေမကောင်းတဲ့ ရက်တွေကြာလာပါတယ်။ အနီးအနားကသူတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ကျွန်တော့်ထက်ငယ်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် တိမ်းပါးသွားတာကို ကြားလိုက်ရတဲ့အခါ ကျွန်တော်သိပ်ကြေကွဲဝမ်းနည်းခဲ့ရတယ်။ ကျွန်တော် ဝမ်းနည်းလိုက်၊ စိတ်ပျက်လိုက် ဖြစ်နေတဲ့အချိန်မှာ မိသားစုက တရားဟောချက်တွေကို အမြဲဖွင့်ပေးထားခြင်း၊ ဘုရားသီချင်းတွေ အမြဲဖွင့်ပေးထားတာကနေ ခွန်အားပြန်ရရှိခဲ့ပါတယ်။
ကိုဗစ်ပိုးကြောင့်ထိခိုက်ခဲ့တဲ့ ကျွန်တော့်ရဲ့အဆုတ်ကိုရိုက်ထားတဲ့ဓာတ်မှန်ကို မြင်တဲ့ တတ်သိနားလည်သူတိုင်းက ကျွန်တော်မသေခဲ့တာကို အံ့သြခဲ့ကြတယ်။ ကျွန်တော့် ရပ်နီးရပ်ဝေးမှဆွေမျိုးမိတ်ဆွေတွေ၊ အိမ်နီးနားချင်းတွေက ကျွန်တော့်ကို မကြာခင် သေမယ်လို့ပဲ တွေးထင်ခဲ့ကြပြီး စိတ်ပူနေခဲ့ကြတယ်။ ကျွန်တော့်ကိုထောက်ပံ့ကုသပေးခဲ့ကြတဲ့သူများရဲ့ ကျေးဇူးကြီးမားမှုကြောင့်လည်းဖြစ်သလို လူများစွာရဲ့ဆုတောင်းပေးခြင်းကို ဘုရားသခင်ကအဖြေပေးပြီး အဓိက ဘုရားသခင်ကကျွန်တော့်ကို အသက်ဆက်ရှင်ခွင့်ပေးခဲ့လို့ဆိုတာကို ကျွန်တော်နားလည်သဘောပေါက်လာတဲ့အခါ ဘုရားကို ကျေးဇူးတင်လို့မဆုံးပါဘူး။
တဖြေးဖြေးနဲ့ ကျွန်တော်ရောဂါသက်သာလာပြီး အားအင်တွေပြန်လည်ရရှိခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်ဟာ ဘုရားပေးတဲ့အသက်နဲ့ ဆက်ပြီးအသက်ရှင်နေတာဖြစ်တယ်။ လောကကြီးမှာ အဆင်မပြေမှုတွေ၊ ခွင့်မလွှတ်နိုင်မှုတွေ၊ မာနတရားတွေ ကျွန်တော့်မှာရှိလာတဲ့အခါ “ဘုရားငါ့ကို အသက်ဆက်ရှင်စေတာ ဒါတွေအတွက်မဟုတ်ဘူး၊ ဘုရားဘုန်းထင်ရှားဖို့ဖြစ်တယ်”ဆိုတာကို ပြန်လည်နှလုံးသွင်းဆင်ခြင်တတ်လာတယ်။
ကျွန်တော်အသက်ဘယ်လောက်ဆက်ရှင်ဉီးမလဲဆိုတာကျွန်တော်မသိဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အသက်ရှင်ခြင်းက ဘုရားဘုန်းတော်ထင်ရှားဖို့ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တော်လို့ ကျွန်တော်ကောင်းလို့မဟုတ်ဘူး။ ကျွန်တော်လုပ်ခဲ့တာဆိုလို့ ယုံကြည်ခြင်းမယိမ်းယိုင်ခဲ့ပဲ ဘုရားသခင်ကို ယုံကြည်၊ ချစ်ကြောက်ခဲ့ခြင်းကြောင့်ဖြစ်တယ်ဆိုတာ ဆာလံ ၉၁း၁၄-၁၆ အားဖြင့် ဘုရားသခင်က ကျွန်တော့်ကို ဖော်ပြခဲ့ပါတယ်။ ဘုရားသခင်ရဲ့ဘုန်းသာ၍ထင်ရှားပါစေ။ အာမင်။
ဆာလံ ၉၁း၁၄-၁၆
သူသည် ငါ့ကို ချစ်သောကြောင့်၊ သူ့ကို ငါကယ် နှုတ်မည်။ ငါ၏နာမကို သိသောကြောင့်၊ သူ့ကို ငါချီး မြှောက်မည်။ သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခ ခံရသောအခါ သူ့ဘက်မှာ ငါနေ၍ ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။
ရှည်သောအသက်နှင့် သူ့ကိုရောင့်ရဲစေ၍၊ ငါ၏ ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည်။
