
၂၀၂၆ မှာ မွှေးပျံ့နေပါစေ

၂၀၂၆ ခုနှစ်ထဲကို အခုလေးတင် ခြေချလိုက်ပါပြီ။ နေ့ရက်တွေကတော့ တစ်ရက်ပြီးတစ်ရက် ကျွန်တော်တို့ဆီကို အစီအရီ ရောက်လာတော့မှာပါ။ ဒီအချိန်တွေကို ဘာအတွက် အသုံးချရင် အကောင်းဆုံးဖြစ်မလဲ။
ကျွန်တော်တို့အားလုံးရဲ့ ဘဝအခြေအနေတွေကတော့ တစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး လုပ်လို့ရတဲ့ လှပပြီး အရမ်းတန်ဖိုးရှိတဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကို အခုပြောပြမယ်။ ဒါပေမဲ့ တစ်ခုတော့ရှိပါတယ် - ဖတ်ရုံလေးဖတ်ပြီး "ဟုတ်တာပေါ့" လို့ပဲ တွေးနေရင်တော့ သင် ဘာမှထူးလာမှာ မဟုတ်ဘူး။ လက်တွေ့လုပ်မှ ဖြစ်မှာပါ။
အဲဒါကတော့... "ကျေးဇူးတင်စကား ပြောဖို့" ပါပဲ။
ကျွန်တော်တို့အားလုံးမှာ ကျေးဇူးတင်စရာတွေ ရှိနေတယ် မဟုတ်လား။ ကျေးဇူးတင်ရမယ့်သူတွေလည်း ရှိနေတယ် မဟုတ်လား။ အခု သင် ဒီစာကို ဖတ်နေနိုင်တယ်။ ဒီကမ္ဘာပေါ်မှာ စာမဖတ်တတ်တဲ့သူ သန်းပေါင်း ၈၀၀ လောက် ရှိတယ်ဆိုတာရော သိရဲ့လား။ ဒါကြောင့် အခုပဲ အသံထွက်ပြီး ပြောလိုက်ပါ - "ကျေးဇူးတင်ပါတယ် ဘုရား၊ ကျွန်တော်/ကျွန်မ စာဖတ်တတ်လို့ ကျေးဇူးတင်ပါတယ်" လို့။
ဒီနေ့အတွက် စားဖို့သောက်ဖို့ရော အဆင်ပြေရဲ့လား။ လူပေါင်း သန်း ၇၀၀ ကျော်ဟာ အသက်ရှင်ဖို့အတွက် လုံလောက်တဲ့ အစားအစာ မရှိကြပါဘူး။ ဒါကြောင့် စားစရာရှိတာကပင်ကျေးဇူးတင်စရာ မဟုတ်ဘူးလား။
ကိုယ့်ကိုယ်ကိုယ် ဒီလိုလေးတွေလည်း ဆက်မေးကြည့်ဦး -
"ကိုယ့်နိုင်ငံမှာ စစ်ပွဲတွေ ရှိနေလား?" - မရှိဘူးဆိုရင် အဲဒီအေးချမ်းမှုအတွက် ကျေးဇူးတင်ပါ။
"ကိုယ့်ဘဝမှာ အထီးကျန်ပြီး အကူအညီမဲ့နေသလား?" - မဟုတ်ဘူးဆိုရင် ကိုယ့်ဘေးနားမှာ ရှိနေပေးတဲ့ လူတွေအတွက် ကျေးဇူးတင်စကား ပြောလိုက်ပါ။
လူတိုင်းက ချမ်းသာချင်ကြတာပဲ။ ဘယ်သူမှတော့ မဆင်းရဲချင်ဘူးလေ။ ၂၀၂၆ ခုနှစ်ကို ကျေးဇူးသိတတ်သော စကားလုံးများ၊ ချီးမွမ်းသော စကားလုံးများကို ကျယ်လောင်ပြတ်သားစွာ ပြောဆိုခြင်းဖြင့် "မိမိကိုယ်ကိုယ် ချမ်းသာအောင် တည်ဆောက်သောနှစ်" ဖြစ်ပါစေ။ ဖန်ဆင်းရှင်ဘုရားကိုရော၊ သင့်ဘေးနားက လူတွေကိုပါ ကျေးဇူးတင်ပါ။ သင့်ပတ်ဝန်းကျင်ကို ကောင်းမွန်တဲ့ ရနံ့တွေ ပေးလိုက်ပါ။ ကျေးဇူးသိတတ်တဲ့သူတွေဟာ အမြဲတမ်း "မွှေး" နေတတ်လို့ပါပဲ။
