top of page

Hoang Linh

ညီအစ်ကိုမောင်နှမများအားလုံးမင်္ဂလာပါ။ ဘုရားသခင်က ကျွန်မဘဝတစ်ခုလုံးကို ဘယ်လိုပြောင်းလဲခဲ့တယ်ဆိုတဲ့အကြောင်း ဒီနေ့သက်သေခံချင်ပါတယ်။ တရားစီရင်ခံရမှာကြောက်တဲ့အတွက် ဒါကိုလျို့ဝှက်ချက်အနေနဲ့ သိမ်းထားဖို့ ကျွန်မစဉ်းစားဖူးခဲ့ပေမဲ့၊ ဘုရားသခင်ကို ဘုန်းပြန်ပေးပြီး ဘဝမှာရုန်းကန်နေရတဲ့သူတွေကို အားပေးဖို့အတွက် ဘုရားသခင်ကဖော်ပြခဲ့တယ်။
ကျွန်မဖခင်ဟာ အမြဲတမ်းအလုပ်ခရီးထွက်နေတာကြောင့် ဖခင်မရှိတဲ့အိမ်မှာ ကျွန်မကြီးပြင်းခဲ့တယ်။ ကျွန်မမိခင်က ဖခင်တာဝန်ကိုပါယူပြီး ကျွန်မနဲ့ ကျွန်မညီမအတွက် ငွေကြေးရော အလုပ်များကိုပါ တာဝန်ယူခဲ့တယ်။ သူမကို အမြဲတမ်းကျေးဇူးတင်ခဲ့ပေမဲ့ တကယ့်အတွင်းထဲမှာတော့ ကျွန်မဖခင်ရဲ့မေတ္တာကို လိုချင်တမ်းတမိခဲ့တယ်။ သူ့ရဲ့တည်ရှိခြင်းက ကျွန်မကို ဒဏ်ပေးမှုတွေနဲ့ ကြောက်ရွံ့မှုတွေပဲဖြစ်စေပေမဲ့ပေါ့။ ကျွန်မမိခင်က မေတ္တာနဲ့ စည်းကမ်းတင်းကြပ်ပြီး ကျွန်မတို့ကို သင်ကြားပေးခဲ့ပေမဲ့ ကလေးတစ်ယောက်အနေနဲ့ လူကြီးတွေရဲ့စကားကိုနားမထောင်ပဲ ကလန်ကဆန်ပြန်လုပ်ခဲ့တယ်။ ဆင်ခြေများစွာပေးပြီး ပျင်းရိစွာနဲ့ မကြာခနနောက်ကျတဲ့အတွက် ကျောင်းအမြဲရှုံးခဲ့တယ်။ ဂိမ်းကစားဖို့ကျောင်းပြေးရတာနှစ်သက်ပြီး ကျွန်မမိခင်မသိအောင် ကောင်းကောင်းစီစဉ်လေ့ရှိတယ်။ နှစ်ပေါင်းများစွာ အတန်းထဲက ကျွန်မအဆင့်က အောက်ဆုံးကရေရင် အဆင့်၅ကနေ ၁၀အတွင်းဝင်တယ်။
ကျွန်မမိဘတွေက ဘာမှမပြောပေမဲ့ သူတို့မျက်လုံးထဲမှာ စိတ်ပျက်မှုတွေမြင်ရပါတယ်။ ဘာလို့လဲဆိုရင် ကျွန်မ ပြဿနာများစွာရှာလို့ နှစ်ဝက်တိုင်းမှာ ကျွန်မမိဘတွေကို ကျွန်မအကြောင်းပြောဖို့ ကျောင်းကိုခေါ်ခံရလေ့ရှိတယ်။ ဆက်ဆံရေးတွေမှာလည်း ကျွန်မရဲ့မကောင်းတဲ့စာရိတ္တနဲ့ ကျွန်မဘဝမှာ တာဝန်မဲ့တဲ့အကျင့်တွေကြောင့် သူငယ်ချင်းတွေရဲ့ ခွဲခြားငြင်းပယ်ဆက်ဆံတာတွေကို ကြုံခဲ့ရတယ်။ အခုတောင်မှပဲလို့ ပြောဖို့ခက်ပေမဲ့ ကျွန်မကို ဘယ်သူကမှ သဘောမကျခဲ့ပါဘူး။ ကျွန်မကိုယ်တိုင်တိုးတက်ဖိုနဲ့ ဆက်ဆံရေးတွေ၊ ကျောင်းတွေမှာပဲကျရှုံးတာမဟုတ်ပဲ အဆိုးဆုံးကတော့ ချစ်ခြင်းမေတ္တာကို မမှန်ကန်တဲ့နည်းနဲ့ လိုချင်တောင့်တတာဖြစ်တယ်။
ကျွန်မရည်းစားတွေကို အဝတ်အစားလဲသလို များစွာ ထည်လဲတွဲခဲ့တယ်။ လောဘကြီးလွန်းခဲ့တဲ့အတွက် လိင်တူချစ်သူတွေတောင်ထားခဲ့တယ်။ ကျွန်မဟာ တန်ဖိုးထားခံရဖို့ထိုက်တန်ကြောင်း ခံစားချင်တဲ့အတွက် ကျွန်မကို ချစ်ပေးဖို့အတွက် မှားယွင်းတဲ့လူတွေကို ရှာဖွေခဲ့တယ်။ မကြာခင်မှာတော့ ယေရှုရဲ့မေတ္တာကသာ ကျွန်မနှလုံးသားတစ်ခုလုံးကို ပြင်ဆင်နိုင်မှန်းသိခဲ့တယ်။ ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းနဲ့ သတ်သေဖို့စဉ်းစားမိတဲ့ တွင်းထဲကျွန်မကျခဲ့တယ်။ ကျွန်မ အချိန်ကြာမြင့်စွာ နာကျင်မှုကိုဘယ်လောက်ခံစားခဲ့ရလဲဆိုတာ သတိမပြုမိနိုင်တော့တဲ့အထိ ကျွန်မနာကျင်ခဲ့ပါတယ်။
ကျွန်မဘာပဲလုပ်ပါစေ လုံလောက်တယ်လို့ မခံစားရပါဘူး။ ကျွန်မအမေပြောပြခဲ့တဲ့ ယေရှုနဲ့ ၂၀၁၈ခုနှစ်မှာ မတွေ့ခင်အထိပေါ့။ ကျွန်မ ယုံကြည်ခြင်းခရီးစလျှောက်ခဲ့တုန်းကဆိုရင် ဘုရားသခင်ရှိခြင်းအကြောင်းကိုတောင် ကျွန်မမယုံကြည်ခဲ့ပါဘူး။ ဒီဘာသာက အခြားဘာသာတွေနဲ့အတူတူပဲလို့ထင်ခဲ့မိတယ်။ အဲ့ချိန်မှာ ကျွန်မ ဘုရားစေတီပုထိုးတွေထားတယ်။ တာရော့ကတ်ဖတ်တာတွေ လုပ်နေတုန်းဖြစ်တယ်။ ဒါပေမဲ့ သခင်ယေရှုကိုယ်တိုင်က သူရဲ့အနီးနားထိကျွန်မကိုဆွဲခေါ်ခဲ့တယ်။ ကျွန်မမယုံကြည်တာတွေများပေမဲ့ သူက ကျွန်ကို တဖြေးဖြေးကောင်းကြီးပေးပြိး ကျွန်မဘဝကို ပြောင်းလဲပေးခဲ့တယ်။ ကျွန်မဘဝပိုကောင်းလာတာကို ခံစားရပေးမဲ့ အဲ့တာဟာ ဘုရားရဲ့လက်တော်ကြောင့်ဖြစ်တယ်လို့ ကျွန်မမထင်ခဲ့မိပါဘူး။ ကျွန်မဘဝပြောင်းလဲဖို့နဲ့ ဘုရားသခင်အကြောင်းပိုသိဖို့ ကျွန်မမကြိုးစားခဲ့ဘူးဆိုတာ ဝန်ခံရပါမယ်။ ဘုရားသခင်တကယ်မရှိကြောင်း ကျွန်မသက်သေပြချင်လို့ဖြစ်တယ်။ သို့သော် ဆန့်ကျင်ဖက်အနေနဲ့ ယေရှုဟာ တကယ်ဖြစ်ဖြစ်တယ်။
လေ့လာဆန်းစစ်မှုတွေအပြီးမှာတော့ သိပ္ပံမှတဆင့်၊ သမိုင်းမှတဆင့်၊ မှုခင်းဆိုင်ရာသက်သေတွေမှတဆင့် ကျွန်မယေရှုကိုရှာတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျမ်းစာထဲကဘုရားသခင်ဟာ ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ အသက်ရှင်တဲ့ဘုရားသခင်ဖြစ်ကြောင်း သက်သေပြနိုင်တဲ့ အခြားသောသက်သေများစွာလည်းရှိပါတယ်။ ကျွန်မရဲ့ ဆင်ခြင်တုံတရားနဲ့ လုံးဝယုံကြည်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်မယုံကြည်ခြင်းအပေါ်မှာ ပိုပြီးယုံကြည်ချက်ရှိလာတယ်။ ကျွန်မပုံဖော်နိုင်တာထက်ပိုပြီး ထူးဆန်းတဲ့နည်းနဲ့ ကျွန်မဘဝဟာ ပြောင်းလဲလာခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ဉာဏ်ပညာနဲ့ အစွမ်းတွေပေးလာပြီး ကျွန်မရဲ့ ပညာသင်ယူမှုနဲ့ ဘဝကို ပိုပြီးတောက်ပအောင် လုပ်ပေးခဲ့တယ်။ ကျောင်းမှာအမြဲကျရှုံးနေတဲ့ ကလေးတစ်ယောက်ဟာကောလိပ်မှာ ဂုဏ်ထူးနဲ့ဘွဲ့ရခဲ့ပြီး အခုချိန်မှာ လူများစွာအတွက် မျှော်မှန်းလစာပေးနေတဲ့ ထိပ်တန်းကုမ္ပဏီစ်ခုမှာ အလုပ်လုပ်နေတယ်ဆိုတာ သင်ယုံနိုင်မလား။

Hoang Linh

ကျွန်မဟာ ကိုယ့်အစွမ်းနဲ့ကိုယ် မပြောင်းလဲနိုင်တော့ဘူးဆိုတာ ရှင်းလင်းစွာသိတယ်။ ဘာကိုပြုပြင်ပြောင်းလဲရမလဲဆိုတာသာ ကိုယ့်ဘာသာသိရင် အရင်ကတည်းက ကျွန်မပြောင်းလဲကောင်းပြောင်းလဲလာပါလိမ့်မယ်။ ဘုရားသခင်က ကျွန်မကို လုပ်နိုင်စွမ်းတွေပိုပေးရုံမက သူ့ကလေးအနေနဲ့ ကျွန်မကိုခေါ်တယ်။ ပြီးတော့ ဖခင်တစ်ယောက်က သူ့သားသမီးတွေကို ဆိုဆုံးမတတ်ပါတယ်။ ဟုတ်ပါတယ်။ သူဟာ ကျွန်မရဲ့ အကျင့်စရိုက်တွေကို နည်းနည်းစီ သူ့နှုတ်ကပတ်တော်နဲ့ ပြောင်းလဲပေးခဲ့ပါတယ်။ ကျွန်မဟာ ကျွန်မဖြစ်နေကျအတိုင်းမဟုတ်တော့ပဲ ခရစ်တော်ထဲမှာ အသစ်သောဖန်ဆင်းခံဖြစ်လာပါတယ်။ ကျွန်မအတိတ်မှာဘာတွေလုပ်ခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်းသိပြီး ကျွန်မအပြစ်ဘယ်လောက်များကြောင်းကျွန်မ သတိပြုမိပါတယ်။ ကျွန်မဘာပဲလုပ်ခဲ့လုပ်ခဲ့ ဘုရားသခင်က ကျွန်မကိုခွင့်လွှတ်ပေးခဲ့တယ်။ သူကျွန်မကို ပေးခဲ့တဲ့ကျေးဇူးတော်၊ မေတ္တာနဲ့ ကရုဏာအတွက် ဖော်ပြဖို့စကားလုံးတောင်မရှိပါဘူး။
"များစွာခွင့်လွှတ်ခြင်းခံရသူသည် များစွာချစ်တတ်၏"လို့ယေရှုကပြောခဲ့ပါတယ်။ ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်မဘုရားသခင်ကို သိပ်ချစ်ပါတယ်။ သူက ကျွန်မရဲ့ ဒဏ်ရာတွေအားလုံး၊ မလုံခြုံမှုတွေအားလုံးနဲ့ မှားယွင်းသောအတွေးအခေါ်အားလုံးကို ကုစားပေးခဲ့ပါတယ်။ ကျွန်မသည် သူ့ရဲ့အပိုင်ဖြစ်တယ်လို့ သူကပြောခဲ့ပါတယ်။ ကျွန်မသည် သူပြောတဲ့အတိုင်းဖြစ်တယ်။ ကျွန်မဟာ အချစ်ခံရသူဖြစ်တယ်။ ကျွန်ဟာထိုက်တန်သူဖြစ်တယ်။ တန်ဖိုးရှိသူဖြစ်တယ်။ ကျွန်မဟာ ဘုရားသခင်ရဲ့အမြင်မှာ မျက်နှာသာရသောသူဖြစ်တယ်။ ကျွန်မရဲ့ဖြစ်ခြင်းနဲ့ ယုံကြည်ချက်ဟာ ယေရှုခရစ်တော်အထဲမှာဖြစ်တယ်။ သင်ဘယ်လောက်တန်ဖိုးရှိလဲမသိရင် ကားတိုင်ကိုမျှော်ကြည့်လိုက်ပါ။ ကျွန်မတို့အပေါ်ဘုရားသခင်ရှိစေချင်တဲ့ ကြွယ်ဝသောအသက်တာနဲ့ ကယ်တင်ခံရဖို့ သူ့ရဲ့လက်ကိုဆန့်ပြီး ယေရှုအသေခံခဲ့တယ်။ ဘုရားသခင်ကသစ္စာရှိတဲ့ဘုရားဖြစ်လို့ သူ့ရဲ့မေတ္တာထဲမှာကြီးထွားဖို့ ကျွန်မအတွက် နေရာတစ်ခုပေးခဲ့တယ်။
Agape New Generation Churchကို ရောက်ပြီး ၆လအကျော်မှာတော့ ကျွန်မဘုရားသခင်ရဲ့နှုတ်ကပတ်တော်များစွာကိုသင်ယူခဲ့ရပြီး ကျွန်မဘဝနဲ့ အခြားသူများရဲ့ ဘဝထဲမှာ သူပြုခဲ့တဲ့အရာများစွာ အတွက်သက်သေအနေနဲ့ မြင်တွေ့ရပါတယ်။ ကျွန်မတို့ ညီအစ်ကိုမောင်နှမတွေဟာ သိပ်ချစ်ဖို့ကောင်းပြီး၊ သစ္စာရှိပြီး စစ်မှန်ကြတယ်။ ဒါဟာဘုရားသခင်ကျွန်မကို ပေးထားတဲ့မိသားစုဖြစ်တဲ့အတွက် ကျွန်မဘယ်တော့မှ ပြန်မသွားတော့ပါဘူး။ နောက်ဆုံးအနေနဲ့ ကျွန်မပြောချင်တာကတော့ ဘဝပြောင်းလဲဖို့အဓိကသော့ချက်က အရာအားလုံးရဲ့အထက်မှာ ဘုရားသခင်နဲ့ သူ့ရဲ့ဖြောင့်မတ်ခြင်းကို အရင်ရှာဖို့ဖြစ်ပါတယ်။ ဘုရားသခင်ဟာ သူ့ရဲ့စကားတွေအပေါ်သစ္စာရှိပါတယ်။ သူ့ကိုစိတ်အားထက်သန်စွာရှာတဲ့ဘယ်သူ့ကိုမဆို သူဟာ အတွေ့ခံတယ်။ သူ့ကို သိရတာသင်ဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး။ ဘုရားသခင်ကို ကြည့်မယ်ဆိုရင် သင့်ကိုယ်သင်ရှာတွေ့မှာဖြစ်တယ်။ သူသည်အသက်စမ်းရေ၊ အသက်မုန့်ဖြစ်တယ်။ ညီအစ်ကိုမောင်နှမအားလုံးကို ဘုရားသခင်ကောင်းကြီးပေးပါစေ။

Hjerte til nettside.png
  • Facebook
bottom of page