top of page

Mai Thi Thao

အားလုံးပဲမင်္ဂလာပါ။ ကျွန်မကတော့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့က Mai Thi Thao ဖြစ်ပါတယ်။ ကျွန်မမှာ ကလေးနှစ်ယောက်နှင့် မြေးသုံးယောက်ရှိပါတယ်။ ကျွန်မတို့မိသားစုက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ခဲ့ပါတယ်။ ကြီးပြင်းလာတော့ ကျွန်မဘုန်းကြီးကျောင်းကိုသွားပြီး ရုပ်တုဆင်းတုတွေကိုကိုးကွယ်ခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးရေးက ကျွန်မတို့မိသားစုရဲ့ အဓိကဝင်ငွေဖြစ်ပါတယ်။ ဘုရားသခင်ကိုမယုံကြည်ခင်က ကျွန်မတို့ကြိုးစားခဲ့ပေမဲ့ အကြွေးတင်ပြီးခက်ခဲတဲ့ အခြေအနေနဲ့ပဲ ကြုံခဲ့ရပါတယ်။
ကျွန်မ နေရာတော်တော်များများမှာ အလုပ်လုပ်ခဲ့ရပါတယ်။၂၀၁၃ ခုနှစ်မှာ အလုပ်နှင့်အသက်မွေးဝမ်းကြောင်းပြုဖို့ Saigon မြို့ကို ကျွန်မပြောင်းရွှေ့ခဲ့ပါတယ်။
အလုပ်နားက အစ်ကိုတစ်ယောက်ရောက်လာပြီး ကျွန်မကိုယေရှု အကြောင်းပြောပြပါတယ်။ ကျွန်မကိုသက်သေခံဖို့ သူအလွန်ဇွဲရှိခဲ့ပါတယ်။ ဒါပေမဲ့ မိသားစုရိုးရာအစဉ်အလာအရ ဘိုးဘေးတွေကို ကျွန်မကိုးကွယ်တာရပ်တန့်လိုက်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့ ကြောက်ရွံ့မှုကြောင့် ကျွန်မနှလုံးသားကမာကျောနေခဲ့တုန်းပါပဲ။ ၂၀၁၇ခုနှစ်ထဲက တစ်နေ့မှာတော့ အဲ့ဒီအစ်ကိုက ကျွန်မအသက်၅၀နီးပါးရှိနေပြီ၊ ဘုရားသခင်ကို မယုံကြည်ပါက ကျွန်မရဲ့ဘဝဟာ စိတ်ဆင်းရဲရပြီး ထာဝရအသက်ကိုလည်းရနိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း ၂၀၁၇ ခုနှစ်မှာ ကျွန်မရဲ့နှလုံးသားကို ဘုရားသခင်ထံဖွင့်ပေးခဲ့တယ်။ ကျွန်မဘုရားကျောင်းကိုသစ္စာရှိရှိ တက်ခဲ့ပြီး ရေနှစ်ခြင်းမင်္ဂလာခံယူခဲ့ပါတယ်။ ကျွန်မ ဘုရားသခင်ကိုယုံကြည်တဲ့အခါမှာ ငြိမ်သက်ခြင်းကိုခံစားရတယ်။
၂၀၁၈ ခုနှစ်မှာ ကျွန်မ ဟနွိုင်းကိုပြန်လာခဲ့ပြီး ဘုရားကျောင်းတက်ဖို့ Pastor Thoa နဲ့ဆက်သွယ်ခဲ့ပါတယ်။ ဘုရားကျောင်းက ကျွန်မအိမ်ကနေ (၄၀) ကီလိုမီတာလောက်ဝေးပါတယ်။ ကျွန်မဘတ်စ်ကားစီးရင် ဘုရားကျောင်းရောက်ဖို့ ငါးဆင့်လောက်စီးရပါတယ်။၊ ဆိုင်ကယ်နဲ့ဆိုရင် တစ်နာရီခွဲလောက်ကြာပါတယ်။ အကွာအဝေးကဝေးပေမဲ့လည်း ကျွန်မသစ္စာရှိနေတုန်းပါပဲ။
ကျွန်မခင်ပွန်းနှင့် သားသမီးတွေက မယုံကြည်သူများဖြစ်ကြပါတယ်။ ကျွန်မကို ကာကွယ်ဖို့ဘုရားသခင်ဆီမှာ အမြဲဆုတောင်းထားတာကြောင့် နေသာသည်ဖြစ်စေ၊မိုးရွာသည်ဖြစ်စေ တစ်ယောက်တည်းလည်း ဘုရားကျောင်းကိုသွားပါတယ်။ ဝေးလွန်းတာကြောင့် ကျွန်မဘုရားကျောင်းကိုမသွားသင့်ဘူးလို့ ကျွန်မရဲ့ကလေးတွေကပြောပါတယ်။ ကျွန်မရဲ့ခင်ပွန်းသည်က ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ဖို့ ကျွန်မကိုမတားမြစ်ရုံမက ဘုရားကျောင်းတက်ဖို့ တစ်ခါတရံ တိုက်တွန်းပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မခင်ပွန်းက ဘုရားသခင်အတွက် သူ့နှလုံးသားကို မဖွင့်ထားသေးပါဘူး။

Mai Thi Thao

ဘုရားသခင်ကိုယုံကြည်ပြီးကတည်းက တစ်မိသားစုလုံး ဘုရားသခင်ကို ယုံကြည်လာပြီး သူ့ကိုအတူတကွကိုးကွယ်နိုင်ကြဖို့ ကျွန်မခင်ပွန်း၊ သားသမီးများနဲ့၊ မြေးတွေအတွက် အမြဲဆုတောင်းခဲ့ပါတယ်။ ဘုရားသခင်နဲ့နေ့တိုင်းလျှောက်လှမ်းရင်း သူ့ကိုပိုပြီးတွေ့ကြုံခံစားလာရတယ်။ ပြဿနာတွေကြုံတွေ့ရင်တောင် ကျွန်မငြိမ်သက်ပါတယ်။ အရင်ကလို ကျွန်မ အကြောက်တရားမရှိတော့ပါဘူး။ ကျွန်မဆုတောင်းတိုင်းလည်း ဘုရားကအဖြေပြန်ပေးပါတယ်။ ကျွန်မရဲ့မိသားစုကိစ္စတွေကို ကောင်းကြီးပေးပါတယ်။ အခုမှာတော့ ကျွန်မတို့ကိုယ်ပိုင် အိမ်နှစ်လုံးဆောက်ပြီးပါပြီ။
ဘုရားသခင်က မိသားစုလိုအပ်သောလိုအပ်ချက်များကို ထောက်ပံ့ပေးခဲ့ပါတယ်။ ကျွန်မဆုတောင်းတဲ့အခါ ဘုရားသခင်ရဲ့ကုသခြင်းနှင့်တန်ခိုးတော်ကိုလည်း တွေ့ကြုံခံစားရပါတယ်။ တစ်ခါက ကျွန်မမြေးနေမကောင်းလို့စိတ်ပူခဲ့ပေမဲ့ သူ့ဆီဘာလို့ဆုမတောင်းတာလဲလို့ ဘုရားသခင်က ကျွန်မကိုသတိပေးခဲ့ပါတယ်။ အဲ့ဒီလိုမျိုးသတိပေးတဲ့အခါမှာ ဘုရားသခင်ကသူ့ကိုကုသပေးမယ်လို့ ယုံကြည်လားလို့ ကျွန်မမြေးလေးကိုမေးခဲ့ပါတယ်။ သူက ဟုတ်ကဲ့လို့ဖြေခဲ့ပြီး ရိုးရှင်းသောယုံကြည်ခြင်းဖြင့် ကျွန်မသူ့အတွက်ဆုတောင်းပေးခဲ့ပါတယ်။ မကြာခင်မှာပဲ ကျွန်မမြေးကျန်းမာလာခဲ့ပါတယ်။
ကျွန်မရဲ့ဆုတောင်းချက်တိုင်းကို ဘုရားသခင်ကြားနာကြောင်း ယုံကြည်ပြီး
ကျွန်မဆုတောင်းချက်တွေ အဖြေရရှိတာက ယုံကြည်ခြင်းကြောင့်ဖြစ်ပါတယ်။ ကျွန်မရဲ့သားကတော့ ခရစ်ယာန်တွေအပေါ်အမြင်မှားနေတုန်းပါပဲ။ ဘိုးဘေးယုံကြည်ခြင်းကိုစွန့်လွှတ်ဖို့ သူသဘောမတူပါဘူး။ ကျွန်မဘုရားသခင်ကိုယုံကြည်တာကြောင့် ကျွန်မရဲ့သားက ကျွန်မအပေါ်ကောင်းမွန်စွာ မဆက်ဆံပါဘူး။ ကျွန်မဘုရားသခင်ကိုစွန့်လွှတ်ခဲ့ရင် ဒေါ်လာ ၁၅၀၀ပေးမယ်လို့ ကျွန်မသားက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ပိုကြုံတွေ့လေလေ ကျွန်မယုံကြည်ခြင်းကို ဘယ်တော့မှ မငြင်းပယ်ပါဘူး။ ကျွန်မသားကိုရင်ဆိုင်ဖို့ ဘုရားသခင်က ခွန်အားပေးခဲ့ပါတယ်။ ကျွန်မကို ဒေါ်လာ ၅၀,၀၀၀ ပေးရင်တောင် ကျွန်မ ဘုရားသခင်ကိုယုံကြည်ခြင်းစွန့်လွှတ်မှာမဟုတ်ကြောင်း သူ့ကိုပြောခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဘုရားသခင်တစ်ပါးတည်းကို ကျွန်မသစ္စာရှိပါမယ်။ ဘုရားသခင်က ကောင်းမြတ်သောဘုရားသခင်ဖြစ်ပါတယ်။ ကျွန်မခင်ပွန်း၊သားသမီးတွေနှင့်မြေးတွေက ဘုရားသခင်ကို ယနေ့အထိလက်မခံကြသေးပေမဲ့ ကျွန်မ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ခြင်းနဲ့ ဆုတောင်းထားတာကြောင့် ကျွန်မမိသားစုဟာ ဘုရားချိန်းချက်တဲ့အချိန်မှာ ကယ်တင်ခြင်းရလိမ့်မယ်ဆိုတာ သေချာပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်၊ ငြိမ်သက်ခြင်းနှင့် မေတ္တာတော်သည် သင်တို့ဘဝမှာ ပြည့်ဝပါစေ။

Hjerte til nettside.png
  • Facebook
bottom of page