
NTKL Thang 2
အားလုံးပဲမင်္ဂလာပါ။ကျွန်တော့်နာမည်ကတော့ NTKL Thang ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကယ်တင်ခြင်းရပြီးအသက်တာနဲ့ပတ်သက်လို့ အနည်းငယ်ခွန်အားပေးသက်သေခံချင်ပါတယ်။
ကယ်တင်ခြင်းရပြီးရင် လုံလောက်ပြီလား?
ကျွန်တော် ကယ်တင်ခြင်းရခါစက ကယ်တင်ခြင်းရပြီးရင် ကျွန်တော့်အသက်တာပြည့်စုံပြီ၊ လုံလောက်ပြီထင်ထားတာ။ ကယ်တင်ခြင်းရပြီးပြီဆိုတော့ ကောင်းကင်သွားမယ်။ အသက်စာစောင်မှာ ကျွန်တော့် နာမည် ပါပြီဆိုတော့ ဒီလောက်နဲ့ ပြီးပြီထင်ထားခဲ့တာ။ ကယ်တင်ခြင်းရပြီဆိုရင် တော်ရောပေါ့ ဘာလိုသေးလို့လဲ။ ကောင်းတာဘဲလုပ်လုပ် ဆိုးတာဘဲလုပ်လုပ် ကောင်းကင်ဘုံရောက်မှာပဲ ဆိုပြီးတော့ ကျနော် တွေးလေ့ရှိတယ်။ ဟုတ်ပါတယ် ကျွန်တော်တို့ ကယ်တင်ခြင်းရပြီးရင် ဧကန်မုချ ကောင်းကင်ရောက်မှာ အမှန်ပဲ။ ဒါပေမဲ့ ဘုရားသခင် ကျွန်တော်တို့ကိုပေးတဲ့ ကယ်တင်ခြင်းက ဘာလဲ။
ကယ်တင်ခြင်းဆိုတာ ဘုရားသခင်ရဲ့ အကြံစည်တော် အစဘဲရှိသေးတယ်ဆိုတာ ကျွန်တော် အခုမှသဘောပေါက်တယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းက ရာသက်ပန် ဖြစ်တယ်။ ပြီးတော့ ကယ်တင်ခြင်းရတယ် ဆိုတာက ယုံကြည်သူတစ်ယောက်အနေနဲ့ စတင်လျှောက်လှမ်းရမဲ့ ခြေလှမ်းအစပဲဖြစ်တယ်။
သခင်ယေရှု ကျွန်တော်တို့ကိုပေးတဲ့ ကယ်တင်ခြင်းက ကျေးဇူးတော်သက်သက်ကြောင့်သာရတာဖြစ်တယ်။ ကျွန်တော်တို့ဖက်က ကြိုးစားအားထုတ်ပြီး ရလာတာမဟုတ်ဘူး။ ဒါကြောင့် ဘုရားပေးတဲ့ ကယ်တင်ခြင်းက ဘယ်နည်းနဲ့မှ မပျက်စီး မပျောက်ဆုံး မဆုံးရှုံးနိုင်ဘူး။ ကောလောသဲ ၃း၃ ထဲမှာ “သင်တို့သည် သေသောသူဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်ထံ၌ ဝှက်ထားလျက်ရှိ၏” ဆိုပြီး ကျွန်တော်တို့ရဲ့ အသက်ကို အာမခံထားတယ်။ ကယ်တင်ခြင်းဆိုတာ ထာဝရဖြစ်တယ်။ ဘယ်တော့မှ မပျက်စီး ပျောက်ကွယ်မသွားမဲ့အရာဖြစ်တယ်။
ဘုရားသခင်က ကျနော်တို့ကို ထာဝရအသက်ပေးပြီးရင် ဖြစ်သလိုအသက်ရှင်စေချင်တာမဟုတ်ပါဘူး။ ကယ်တင်ခြင်းရပြီးသား ယုံကြည်သူတစ်ယောက်ချင်းစီကို ဘုရားသခင်က သူ့ရဲ့သန့်ရှင်းသောဝိညာဉ်တော်ကို ပေးထားတာဖြစ်တယ်။ သူ့ရဲ့သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်က ကျွန်တော်တို့ကို အမြဲလမ်းပြ သွန်သင်ဆုံးမပေးနေတယ်။ ကျွန်တော်တို့ ဘာဘဲလုပ်လုပ် ဘယ်ဘဲရောက်ရောက် သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့အနားမှာ အမြဲရှိနေတယ်။

ကျွန်တော်ကယ်တင်ခြင်းစိတ်ချမှုရတာအခုဆို ၁၁ နှစ်ရှိပါပြီ။ တနည်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် ကျွန်တော့်အထဲမှာ ရှိနေတာ ၁၁ နှစ်ရှိပြီပေါ့။ ဒါပေမဲ့ သန့်ရှင်းတော်ဝိညာဉ်တော်နဲ့ personal ထိတွေ့ခွင့်ရတာ မကြာသေးပါဘူး။ အရင်ကဆိုရင် သန့်ရှင်းသောဝိညာဉ်တော် ကျွန်တော့်အထဲမှာ ရှိပြီဆိုရင် ပြီးသွားပြီလို့ထင်ခဲ့တာ။ ဒါပေမဲ့ ဒါဟာအစပဲရှိသေးကြောင်း ကျွန်တော်နားလည်သဘောပေါက်လာခဲ့တယ်။ ဘုရားကျေးဇူးတော်ကြောင့် ကျွန်တော် သန့်ရှင်းသောဝိညာဉ်တော်နဲ့ ထိတွေ့ခွင့်ရပြီး ကျွန်တော့် အမြင်တွေ၊ အတွေးခေါ် တွေစပြီး ပြောင်းလဲလာတယ်။ မတွေ့ဖူး၊ မမြင်ဖူး၊ မကြားဖူးတာတွေ သန့်ရှင်းသောဝိညာဉ်တော်ကဖော်ပြလာတယ်။ စာနဲ့ရေးလို့မကုန်လောက်အောင် သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော့်အပေါ်စပြီးတော့ထင်ရှားလာတယ်။ ကျွန်တော်ကယ်တင်ခြင်းရပြီးတုန်းက သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော့် အသက်တာထဲမှာ စပြီး အလုပ်လုပ်လာတယ်။ အဲ့တုန်းက ကျွန်တော်သတိမထားမိခဲ့ဘူး။ ဒါပေမဲ့ သန့်ရှင်းသောဝိညာဉ်တော်နဲ့ personal ထိတွေ့ပြီးကတည်းက ကျွန်တော့်ရဲ့အသက်တာမှာ သူအလုပ်လုပ်တာ သိသိသာသာ ထင်ရှားလာတယ်။
ဘာနဲ့တူလဲဆိုရင် ကျွန်တော်တို့ ချစ်သူရည်းစားထားတာနဲ့တူတယ်။ ကျနော်တို့ ရည်းစားရှိပြီဆိုရင် ဒီတိုင်းပစ်ထားလို့မရဘူး။ relationship ကို ပိုပြီးခိုင်လာအောင်လို့ အမြဲစကားပြောပေး၊ အဆက်သွယ်လုပ်ပေး ပြီးတည်ဆောက်ပေးရတယ်။ ဆက်သွယ်ပြောဆိုမှု၊ အချိန်ပေးခြင်းမရှိရင် အဲ့ relationship က အနှစ်သာရမရှိတော့ဘူး။ ရည်းစားတော့ဖြစ်ပေမဲ့ သူ့ရဲ့လွှမ်းမိုးမှူက မရှိတော့ သူ့တည်ရှိခြင်းကတောင် အရေးမပါတော့ဘူး။ အဲ့လိုဘဲ ယုံကြည်သူတစ်ယောက်ဟာ သန့်ရှင်းသောဝိညာဉ်တော်နဲ့ ထိတွေ့မှုမရှိ၊ အဆက်သွယ်မရှိရင် ယုံကြည်ခြင်းအားနည်းလာနိုင်တယ်။ ကျွန်တော်တို့အသက်တာထဲမှာ သူ့ရဲ့ အလုပ်လုပ်နေခြင်းကို သတိမထားမိဖြစ်နိုင်တယ်။ ကျွန်တော်အဲ့တာကို သတိမထားမိဘဲ နေနေတာ နှစ်ပေါင်းများစွာဘဲ။ ဒါပေမဲ့ ဘုရားကျွန်တော့်ကို ပစ်မထားဘဲ့ သူ့ရဲ့အကြံစည်တော်ထဲကို ကျွန်တော့်ကို တွန်းပို့ပေးတယ်။ သိလာ၊ မြင်လာအောင် အဖက်ဖက်ကနေ အမြဲ လမ်းပြပေးနေတယ်။ လောကမှာ အသက်ရှင်နေတာ ကိုယ်တော့်ဘုန်းထင်ရှာစေဖို့ရန်အတွက်ဖြစ်တယ်။ တရားဟောမှ ဘုရားဘုန်းထင်ရှားတာမဟုတ်ဘူး။ ကျွန်တော်တို့ ဘာပဲလုပ်လုပ် အဲ့အပေါ်မှာ သန့်ရှင်းသောဝိညာဉ်တော်အတူပါရှိရင် ဘုရားဘုန်းတော်ထင်ရှားတယ်။ ကောင်းတဲ့ အကျင့်၊ ကောင်းတဲ့အရာတိုင်းဟာ ဘုရားဘုန်းတော်ထင်ရှားဖို့ရန်အတွက်ဘဲဖြစ်ရမယ်။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့ရဲ့ အသက်တာကို သခင်ယေရှုခရစ်နဲ့ တူလာအောင် တဖြေးဖြေး တစ်ရက်ပြီးတစ်ရက် ပြောင်းလဲ ပြုပြင်ပေးနေတယ်။ အဲ့ဒီအရာတွေကို ကျွန်တော် မသိနားမလည်ခဲ့ဘူး။ ကျွန်တော့်လိုဘဲ ညီအစ်ကို မောင်နှမတွေလဲ မတွေးမိ၊ သတိမထားမိတာတွေ ရှိကောင်းရှိလိမ့်မယ်။ မိမိရဲ့ အသက်တာကို ပြန်လည်ဆန်းစစ် သုံးသပ်ကြည့်ပါ။ ကျမ်းစာဖတ် ဆုတောင်းခြင်းအားဖြင့် အဖြေရှာကြည့်ပါ။ ကယ်တင်ခြင်းဆိုတာ ကျနော်တို့ရဲ့ ဝိညာဉ်ရေးရာခရီး လမ်းအစ ဆိုတာ သင်မြင်လာပါလိမ့်မယ်။
ကျွန်တော်အခုပြောနေတာတွေက တချို့အတွက် နာလည်ဖို့ ခက်ရင်ခက်နေလိမ့်မယ်။ (Matthew 19:26) “ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်” သန့်ရှင်းသောဝိညာဉ်တော် သင့်ကို သိမြင်၊ နာလည်နိုင်စွမ်းပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အားလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။