top of page

Tay Tu testimony

အားလုံးပဲ မင်္ဂလာပါ။ အခုလိုမျိုး သက်သေခံခွင့်ပေးလို့ ရှေးဦးစွာ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။
ကျွန်တော့်နာမည်ကတော့ ဆလိုင်းတေတူးဖြစ်ပါတယ်။ ကျွန်တော် အခုလက်ရှိမှာတော့ ညီလေးနဲ့အတူ ရန်ကုန်မှာနေထိုင်ပါတယ်။ ကျွန်တော်ကတော့ချင်းလူမျိုးဖြစ်ပြီး ကျွန်တော့်မှာမိသားစုဝင် ၇ယောက်ရှိပါတယ်။ ကျွန်တော့်ရဲ့အဖေကတော့ ကျွန်တော်၆တန်းအရွယ်မှာဆုံးပါးသွားခဲ့ပြီး အဖေမရှိတဲ့နောက် ကျွန်တော်တို့မိသားစုတော်တော်လေးခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပဲ ကျွန်တော်နှင့်ကျွန်တော့်ညီလေးက ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာပြောင်းရွှေ့နေထိုင်ခွင့်ရခဲ့တယ်။ဘော်ဒါဆောင်တစ်ခုမှာ နေထိုင်ခွင့်ရပြီး ကျောင်းတက်ခွင့်ရခဲ့ပါတယ်။
အရာအားလုံးဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်သက်သက်ကြောင့်ပဲဖြစ်ပါတယ်။ကျွန်တော်လည်း ချင်းပြည်ကနေ ရှမ်းပြည်ကိုပြောင်းလာရမယ်လို့တစ်ခါမှမတွေးခဲ့မိဖူးပါဘူး။ ဒါနဲ့ ကျွန်တော်ကျောင်းတက်ရင်းနဲ့ ဘဝကိုရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်တို့လောကမှာနေတဲ့အခါမှာတော့ ဘဝကအဆင်ပြေချောမွေ့နေတာမျိုးမဟုတ်ဘဲ အခက်ခဲပြဿနာတွေကတော့ကြုံတွေ့နေရတတ်ပါတယ်။
ဘုရားသခင်က ကျွန်တော်နှင့် ကျွန်တော့်ရဲ့မိသားစုအပေါ်မှာကောင်းမြတ်လွန်းတဲ့ဘုရားဖြစ်တယ်။ သူကကျွန်တော့်အတွက်အမြဲတမ်းအဆင်သင့်ရှိပြီး၊ ကျွန်တော်အားနည်းတယ်လို့ခံစားရတဲ့အခါမှာလည်း သူအမြဲတမ်းကျွန်တော့်အနားရှိနေပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်ရဲ့အသက်တာကိုဘုရားသခင်ရဲ့လက်တော်ထဲမှာပဲ ယုံကြည်စွာအပ်နှံထားပါတယ်။ ကျွန်တော်ယုံကြည်တယ် ဘုရားသခင်ကကျွန်တော်တို့လိုအပ်တဲ့အချိန်တိုင်း ခေါ်ရင်ထူးတဲ့ဘုရား၊ အရာအားလုံးတတ်နိုင်တဲ့အရှင်ဖြစ်ကြောင်းကျွန်တော်ဝန်ခံပါတယ်။

Tay Tu testimony


ရောမ ၈:၂၈မှာ "ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။"
ဒီနှုတ်ကပတ်တော်လေးက ကျွန်တော်နာကျင်မှုတွေခံစားရတဲ့အခါမျိုး၊ ပြဿနာတွေကြုံတွေ့တိုင်းမှာ ဘုရားသခင်က ကျွန်တော့်ကိုစကားပြောတဲ့ကျမ်းပိုဒ်လေးဖြစ်ပါတယ်။ ခွန်အားရတဲ့ကျမ်းပိုဒ်လေးဆိုလည်းမမှားပါဘူး။ကျွန်တော် ဒီအသက်ရွယ်ထိကြီးပြင်းလာခဲ့တာ ကျွန်တော့်ရဲ့လုပ်ဆောင်ချက်ဘာတစ်ခုမပါဘဲ ဘုရားရဲ့ကျေးဇူးတော်သက်သက်ကြောင့်သာဖြစ်ပါတယ်။ ကျွန်တော်လုပ်နိုင်တာတစ်ခုက ဘုရားသခင်ထံဆုတောင်းခြင်းနှင့် သူရဲ့လုပ်ဆောင်နိုင်ခြင်းကိုယုံကြည်ခြင်းတစ်ခုသာဖြစ်ပါတယ်။ ကျွန်တော်အားနည်းတဲ့အချိန်တိုင်း ကျွန်တော့်ရဲ့ခံစားချက်ကိုတစ်ပါးသူကိုပြောမဲ့အစား ကျွန်တော်ဘုရားသခင်ထံဆုတောင်းပါတယ်။ ကျွန်တော့်ရဲ့ဆုတောင်းခြင်းကို အမြဲနားညောင်းတဲ့ဘုရား၊ ဆုတောင်းချက်များကိုအချိန်မီပြင်ဆင်ပေးတဲ့ဘုရားသခင်ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့သက်သေခံချက်ကိုဖတ်ရှုတဲ့သူအယောက်ချင်းစီတိုင်းအပေါ်မှာ ခွန်အားပေးချင်တာ ဘုရားကနောက်ကျတဲ့ဘုရားမဟုတ်ပါဘူး၊ အချိန်မီပြင်ဆင်ပေးတဲ့ဘုရားဖြစ်ပါတယ်။ ကျွန်တော်တို့ဘုရားသခင်ထံယုံကြည်ခြင်းနဲ့တောင်းခံပါ။ ပြီးတော့ ကျွန်တော်တို့အားနည်းတဲ့အခါမှာလည်း သူကျွန်တာ်တို့ရဲ့အနား အမြဲအဆင်သင့်ရှိကြောင်းခွန်အားပေးချင်ပါတယ်။ ဘုရားသခင်ကကျွန်တော်တို့ကိုအလွန်ချစ်ပါတယ်။ အားလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။

Hjerte til nettside.png
  • Facebook
bottom of page